ဆီမီးရောင်ဖြာ သီတင်းကျွတ်ချိန်ခါ
၁၂လရာသီပွဲစုံညီ
``သင်္ကြန်တန်ခူး၊နှစ်ဦးညောင်ရေ၊စာပလွေခင်း၊ပဉ္စင်းတော်ခံ၊
စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျှင်၊ ဤသို့ယှဉ်သား၊
လစဉ်စမြဲ၊ ဆယ့်နှစ် ပွဲကို´´
ဟူသောလက်ဝဲသုန္ဒရ၏သာဓနပျို့အားဖတ်လိုက်ရသောအခါ
မြန်မာတို့ရဲ့ချစ်မြတ်နိုးဖွယ်ရာ။ အစဉ်လာ ကြီးမား သည့်လူမျိုး ဓလေ့
ကိုအားရဂုဏ်ယူမိသည်။မြန်မာနှစ်သည်လအားဖြင့်(၁၂)လရှိလေရာ။လစဉ်လတိုင်းလ
အလိုက်ပွဲတော်များကျင်းပလေ့ရှိကြသည်။တန်ခူးလ မဟာသင်္ကြန်ပွဲ၊ ကဆုန်လညောင်ရေသွန်းပွဲ၊ နယုန်လစာပြန်ပွဲ၊ ၀ါဆိုလ ၀ါဆိုပွဲ၊ ၀ါခေါင်လ စာရေးတံပွဲ၊ တော်သလင်းလ လှေလျှော်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော် လ စာဆိုပွဲ၊ ပြာသိုလမြင်းခင်းသဘင်ပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲဟူ၍ စည်းကားသိုက်မြိုက် စွာကျင်းပကြသည်မှာ အလွန်ကြည်နူးနှစ်လိုဖွယ်ကောင်းလှသည်။လ အလိုက် ပွဲများကျင်းပကြသလိုလအလိုက် ရာသီပန်းများကလည်းဖူးပွင့်ဝေဆာ လျှက်တင့်တယ်စွာရှိလှသည်။
ရာသီပန်းလှတင့်တယ်လှ
တန်ခူးလတွင် ရင်ခတ်ပန်း၊
ကံ့ကော်ပန်း၊ ပိတောက်ပန်းများ ရှု့မညီးအောင်ရနံ့ကြိုင်လိုင်စွာပွင့်သကဲ့သို့
ဝါဆိုလတွင်း ပုန်းညက်ပန်း တော်ရိုင်းပန်းလေးများ၊ ၀ါခေါင်လတွင် ခတ္တာ
ပန်း၊ပြာသိုလ ခွာညိုပန်း၊ တပို့တွဲလ ပေါက်ပန်း လဲပန်းများ တပေါင်းလ
အင်းကြင်းပန်း သရဖီပန်း ကံ့ကော်ပန်းပန်းများ ပွင့်ဖူးဝေဆာ သာယာလှပ
တင့်ဆန်းလှစွာ နေရာယူကြသည်။ ယခုလိုသီတင်းကျွတ်လအခါသမယတွင်တော့ `` စန်းအဿဏီ သာလှ သာ ရင်တွင်းမှ၊ လန်းစီစီ ကြာကသင်းပါလို့ ၊ (အိုကွယ်) ၀ါလသီတင်းရယ်တဲ့ကျွတ်ခဲ့ပြီ။ ဤသို့ဆရာ ချစ်စပ် ဆိုခဲ့သလို မဟာအတုလမင်းကြီးကလည်း``လှိုင်လှိုင်ငယ်သင်းတော့တယ်၊ ကန်မင်းနန္ဒာ၊လျှံဝင်းငယ်ဖြာသည်၊ ပွင့်ရွှေကြာမြိုင်မြိုင်နှင့် ကြိုင်ကြိုင်သင်းတဲ့ လကိုလေး ဟုစပ်ဆိုခဲ့ကြသည့်အတိုင်း ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာ ခေါင်းလောင်း၊ကြာပုဏ္ဏရိတ် ငါးဖြာသောကြာမျိုးတို့ ကားကားစွင့်စွင့် ၊ငွားငွားပွင့်လျက် သင်းရနံ့လှိုင် တကြိုင် ကြိုင်မွှေးထုံပျံ့လျှက် ကန်မင်းမြတ်အလယ် ဘယ်ညိမ်းညာနွဲ့၊ ယိမ်းသွဲ့သွဲ့ဖြင့် တင့်တယ်စွာ ပွင့်နေလျှက်လော ကအလှကိုဆင်နေကြသည်။
ထိုသို့သာယာတင့်တယ်လှသောကြောင့်ပင် ``သာမျိုးငယ်မှစေ့စုံ၊ မဟာန၀တက်၊ အိုင်မင်းမြတ်မှာ၊ ငါးရပ်ကြာပေါင်း၊ ကြိုင်နံ့လှောင်းသည့်၊ရေကြောင်းကြုံလို့၊ မွှေးထုံမှသိင်္ဂါ´´ ဟုစာဆိုတော်မယ်ခွေကလည်း သီ တင်းကျွတ်လရာသီပန်းကိုလှပစွာရေးဖွဲ့ခဲ့ဖူးပြန်သည်။
သာမောပေစွသီတင်းကျွတ်လ
သီတင်းကျွတ်လတွင်
ကြာပန်းများသာကြိုင်လှိုင်စွာပွင့်ကြသည်မဟုတ်သေး တောင်သူလယ်များတို့၏
ယာခင်းဝယ် စိုက်ပျိုးတည်တောင်ထားသော ကောက်ပဲ သီးနှံများလည်းဖူး
ပွင့်သည့်အချိန်ခါဖြစ်သည်။မြန်မာတို့ ၏ ဂိမှန္တ၊ ၀သန္တ၊ဟေမန္တ
ဟူသောနွေမိုးဆောင်းဥတုသုံးလီတို့တွင် သီတင်းကျွတ်လသည်မိုးလေးလ၏ နောက်
ဆုံးလဖြစ်သကဲ့သို့ ဆောင်းဦး
အချိန်အခါလည်းဖြစ်သောကြောင့်ရာသီဥတုအားဖြင့်အလွန်သာယာသည်။ မြစ် ချောင်း
အင်းအိုင်များမှာ စမ်းရေတို့ဖြင့်အမြဲပြည့်နေသည်။ တောတောင်သစ်ပင်များက
စိမ်းလန်း ဝေဖြာ မှိုင်းညို့ ခါနေသည်။သစ်သီးဝလံများ
အလွန်ပေါများချိန်ဖြစ်သလို တောင်သူလည်းသမားများအတွက်ငွေ ပေါ်သည့်ပွင့်
လင်းရာသီဦးလည်းဖြစ်သည်။ ဤအချိန်ခါမျိုးတွင် တောင်သူတို့လက်ဝယ်
ငွေစလေးများကိုင်မိသဖြင့် အ၀တ်အ စားများလည်းဝယ်ကြသည်။
လှူဖို့တန်းဖို့လည်းပြင်ဆင်ကြသည်။ သီတင်းကျွတ်လပြည့်နေ့
ဆီးမီးပူဇော်ပွဲများ ရွာ ဦးဆရာတော်နှင့် မိဘဘိုးဘွား
သက်ကြီးရွယ်အိုများအတွက် လှူဖို့ရန်ပြင်ဆင်ကြသည်။အလွန်ကြည်နူးဖွယ်
ကောင်းသည့်ရာသီဝယ် အလွန်ဝမ်းမြောက်ဖွယ်ကောင်းသည့် ကုသိုလ် ရေးများကို
သဒ္ဓါထက်သန်စွာပြုလုပ်ကြ သည်မှာ စိမ်းလန်းစိုပြေသည့်
စိမ့်ဂနိုင်တောတောင်များဝယ် နှင်းမှုံဖွဲဖွဲလေးများကျနေသကဲ့သို့ဖြစ်တော့သည်။
ကျေးဇူးဆပ်ရှာတာဝတိံမှာ
အဘိဓမ္မာ ၇ ကျမ်းလွန်တင့်ဆန်း
ကြာမြင့်ချိန်မှာဝါတွင်းသုံးလရက်ပေါင်းကိုးဆယ်ထိဟောကြားခဲ့ခြင်းဖြစ်၏။
အဘိဓမ္မာတရားသည်အဆုံး
အပိုင်းခြားမရှိအလွန်အင်မတန်မှကျယ်ဝန်းလှ၏။ပိဋကသုံးပုံတို့တွင် စာအုပ်
ရေ(၄၀)ရှိရာ အဘိဓမ္မာပိဋကတစ်ခု တည်းပင်လျှင်
(၁၂)အုပ်ထိရှိလေသည်။အဘိဓမ္မာဟူသည်မှာ ၁။ဓမ္မသင်္ဂဏီ၊၂။ဝိဘင်္ဂ၃။ဓါတုကထာ၊ ၄။ပုဂ္ဂလ
ပညတ်၊၅။ကထာဝတ္ထု၊ ၆။ယမိုက်၊ ၇။ပဌာန်းဟူ၍ (၇)
ကျမ်းရှိလေသည်။ရက်ပေါင်း(၉၀)တွင် ဓမ္မသင်္ဂဏီအား ၁၂ ရက်၊ ၀ိဘင်္ဂ ၁၂ ရက်၊
ဓါတုကထာ ၆ ရက်၊ ပုဂ္ဂလပညတ် ၇ ရက် ၊ ကထာဝတ္ထု ၈ ရက်၊ ယမိုက် ၂၀ ရက်၊ ပဌာန်း ၂၅
ရက်ဟောတော်မူခဲ့သည်။``ဓမ္မသင်-၀ိဘင်္ဂ၊ ဒွါရသရက်စီ။ ခြောက်ရက်ကြာကျမ်းဓာတုရယ်နှင့်၊ပုဂ္ဂလ ခုနှစ်ရက် ဟောမြွက်ခဲ့ သည်။ ကထာဝတ် ရှစ်ရက်ညီ၊ ၀ီသာပ ယမိုက်ကျမ်း၊ ပဉ္စ၀ီ ပဌာနရယ်လို့၊ လသုံးလီမယ်တော်မိကို ဟောသည့် ရက်တမ်း။´´
အဘိဓမ္မာဟူသည်မှာ သုတ္တန်တရားတို့ထက် သာလွန်ထူးမြတ်သောတရားဖြစ်သည်။ ရုပ်နာမ်ဓမ္မ သင်္ခါ ရတို့ကို ခွဲခြမ်းစိတ်ဖြာ သောတရားဖြစ်သည်။ မည်သည့်ဘာသာ မည်သို့သော သိပ္ပံပညာရှင်တို့ကမဆို လာပါ ရှု့ပါ စမ်းလှည့်ပါ ကျင့်ကြံလှည့်ပါဟု စိန်ခေါ်နိုင်လောက်အောင်ခိုင်မာသောတရားလည်းဖြစ်သည်။ ယနေ့သိပ္ပံ ပညာရှင်တို့ တွေ့သည်ဟူသော ကမ္ဘာ ကြီး၏အထူးအဆန်းများသည်ပင်လျှင် ဘုရားဟောခဲ့သည့်အဘိဓမ္မာများ နှင့်မလွတ်ကင်းအောင် ရှိလှသည်။အဘိဓမ္မာ(၇)ကျမ်း၏ တရားပါဠိ နှင့်အဓိပ္ပါယ်ကိုလည်း ဗဟုသုတ ဖြစ်ဖွယ် ဖော်ပြပေး ချင်ပါသည်။
ပါဠိအဘိဓမ္မာသိစရာ
(၁)ကုသိုလ် အကုသိုလ်
စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို
``ဓမ္မသင်္ဂဏီ´´ကျမ်းဟုခေါ်သည်။ထိုကျမ်း၏ပါဠိတော် မှာ၁။ ကုသလာဓမ္မာ ၊အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ။
၂။သုခါယဝေဒနာယ သမ္ပယုတ္တာဓမ္မာ၊ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ ၊အဒုက္ခမသုခါယ ဝေဒနာ ယ သမ္ပယုတ္တာ ဓမ္မာ ။
၃။ဝိပါကာဓမ္မာ၊ ၀ိပါကဓမ္မဓမ္မာ၊နေ၀၀ိပါက န၀ိပါက ဓမ္မဓမ္မာ၊ အစရှိသည်တို့ဖြစ်သည်။
(၂) ခန္ဓာစသောတရားတို့ကို သုတ္တန်နည်း ၊ အဘိဓမ္မာနည်းတို့ဖြင့်အမေးအဖြေပြု၍ အကျယ်တ၀င့်ဝေ ဖန် ဟောကြားသောတရားကို``၀ိဘင်္ဂ´´ကျမ်းဟုခေါ်သည်။ပါဠိတော်မှာ
ပဉ္စက္ခန္ဓော ၊ရူပက္ခန္ဓော၊ ဝေဒနက္ခန္ဓော၊ သင်္ခါရက္ခန္ဓော၊ ၀ိညာဏက္ခန္ဓော။
တတ္ထ ကတမော ရူပက္ခန္ဓော၊ ယံ ကိဥ္စိ ရူပံ အတီတာနာဂတာ ပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ သြဠာရိကံ ၀ါ သုခုမံဝါ ဟီနံဝါ ပဏီတံဝါ ယံဒူရေ သန္တိကေ၀ါ တဒေကဇ္ဈံ အဘိသညူဟိတွာ အဘိသခိင်္ပိတွာ အယံ ၀ုစ္စတိ ရူပက္ခန္ဓော အစရှိသည်တို့ဖြစ်သည်။
(၃)ဓါတ်အမျိုးမျိုး ဟောကြားသောကျမ်းကို``ဓာတုကထာ´´ကျမ်းဟုတ်ခေါ်သည်။ပါဠိတော်မှာ
သင်္ဂဟော ၊ အသင်္ဂဟော၊ သင်္ဂဟိတေန အသင်္ဂဟိတံ၊ အသင်္ဂဟိတေန သင်္ဂဟိတံ၊ သင်္ဂဟိတေန သင်္ဂဟိတံ၊ အသင်္ဂဟိတေန အသင်္ဂဟိတံ ၊ သမ္ပယုတ္တေန သမ္ပယုတ္တံ၊ ၀ိပ္ပယတ္တေန ၀ိပ္ပယုတ္တံ၊ ၀ိပ္ပယုတ္တေန သမ္ပ ယုတ္တံ၊ သမ္ပယုတ္တေန သမ္ပယုတ္တံ၊ ၀ိပ္ပယုတ္တေန ၀ိပ္ပယုတ္တံ ၊ သင်္ဂဟိတေန သမ္ပယုတ္တံ ၀ိပ္ပယုတ္တံ၊ သမ္ပယုတ္တေန သင်္ဂ ဟိတံ အသင်္ဂဟိတံ၊ အသင်္ဂဟိတေန သမ္ပယုတ္တံ ၀ိပ္ပယုတ္တံ၊ ၀ိပ္ပယုတ္တေန ၀င်္ဂဟိတံ အသင်္ဂဟိတံ အစရှိသည် တို့ဖြစ်သည်။
(၄)ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြားသတ်မှတ် အမည်တပ်၍ဟောကြားသောကျမ်းကို``ပုဂ္ဂလပညတ်´´ကျမ်း ဟု ခေါ်သည်။ပါဠိတော်မှာ
ဆ ပညတ္တိ၊ ခန္ဓ ပညတ္တိ၊ အာယတန ပညတ္တိ၊ ဓာတု ပညတ္တိ၊သစ္စပညတ္တိ၊ က္ကုန္ဒြိယပညတ္တိ၊ ပုဂ္ဂလပ ညတ္တိ။
ကိတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ၊ ယာဝတာ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓာ ဝေဒနက္ခန္ဓော သညာက္ခန္ဓော သင်္ခါ ရက္ခန္ဓော၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ အစရှိသည်တို့ ဖြစ်သည်။
(၅)အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို ``ကထာဝတ္ထု´´ကျမ်းဟုခေါ်သည်။ပါဠိတော်မှာ
ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဌပရမတ္ထေနာတိ၊ အာမန္တာ ယော သစ္စိကဌော ပရမတ္ထော၊ တတောသော ပုဂ္ဂလော သပလဗ္ဘတိ သစ္ဆိကဌပရမတ္ထေနာတိ၊ နဟေ၀ံ ၀တ္တဗ္ဗေ။
အာဇာနာတိ နိဂ္ဂတံ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဌပရမတ္ထေန၊ တေန တေ ရေ၀တ္တဗ္ဗေ အစရှိသည် တို့ဖြစ်သည်။
(၆)အနုလုံ နှင့် ပဋိလုံ ၊ပုစ္ဆာနှင့် ၀ိသဇ္ဇနာ၊ သန္နိဌာန်နှင့် သံသယ အစုံအစုံပြု၍ ဟောကြားအပ်သော ကျမ်းကို ``ယမိုက်´´ကျမ်းဟုခေါ်သည်။ ပါဠိတော်မှာ
၁။ယေကေစိ ကုသလာ ဓမ္မာ၊ သဗ္ဗေတေ ကုသလာမူလာ၊
ယေ၀ါ ပန ကုသလာမူလာ၊ သဗ္ဗေတေ ဓမ္မာ ကုသလာ။
၂။ယေ ကေစိ ကုသလာ ဓမ္မာ၊ သဗ္ဗေ တေ ကုသလာမူလေန ဧကမူလာ၊
ယေ ၀ါ ပန ကုသလမူလေန ဧကမူလာ၊ သဗ္ဗေ တေ ဓမ္မာ ကုသလာ အစရှိသည်တို့ဖြစ်သည်။
(၇)အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသောတရားတို့ကို ၂၄ ပစ္စည်းတို့ဖြင့် ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သောကျမ်းကို ``ပဌာန်း´´ကျမ်းဟုခေါ်သည်။ ပါဠိတော်မှာ
ဟေတုပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိပစ္စယော၊အနန္တပစ္စယော၊ သမန္တရပစ္စယော၊ သဟဇာ တပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္စာဇာတ ပစ္စယော၊ အာသေ၀နပစ္စယော၊ ကမ္မပစ္စယော၊၀ိပါကပစ္စယော၊ အာဟာရပစ္စယော၊ က္ကုန္ဒြိယပစ္စယော၊ ဈာနပစ္စ ယော၊မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ၀ိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော၊ အ၀ိ ဂတပစ္စယော တိ။
၁။ဟေတုပစ္စယောတိ-
ဟေတူ ဟေတု သမ္ပယုတ္တာနံ ဓမ္မာနံ တံ သမ္ပယုတ္တကာနဉ္စရူပါနံ ဟေတုပစ္စယေန ပစ္စယော။
၂။အာရမ္မဏ ပစ္စယောတိ-
ရူပါရယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော အစရှိသည်တို့ဖြစ်သည်။
နှုတ်တော်မြန်လှ မြတ်ဗုဒ္ဓ
ထိုသို့ကျယ်ဝန်းနက်နဲခက်ခဲလှသောအဘိဓမ္မာကျမ်းကြီးကို
ဝါတွင်းသုံးလဖြင့်မယ်တော်မိနတ် အမှူးပြု သော စကြ၀ဠာတိုက်တစ်သောင်းမှ
နတ်ဗြဟ္မာတို့အားအပြီးဟောတော်မူခဲ့ သည်မှာ မြဗုဒ္ဓ၏အလွန်မြန်ဆန်လှ
သောအသံတော်ကြောင့်ဟောနိုင်ခဲ့ခြင်းဖြစ်သည်။ သာမန်ရဟန်းတော်များ အနေဖြင့်
ဝါတွင်းသုံးလ နှင့်အပြီးမ ဟောနိုင်ပေ။ သာမန်ရဟန်း တော် ပင်မဆိုထားနှင့်
အလုပ်အကြွေးဖြစ် ဖြစ်တော်မူသော အရှင်အာနန္ဒာကိုယ်
တော်မြတ်ကြီးသည်ပင်ပြီးမြောက်အောင်ဟောကြားနိုင်စွမ်းမရှိပေ။မူလပဏ္ဏာသ အဌကထာနှင့် (မ-ဌ-၁-၃၅၈) သာရတ္ထ ၊
ဋီ၊ဒု၊ ၃၁ တို့၌ ပကတိလူသား၏စကားတစ်ခွန်းလျှင် အရှင်အာနန္ဒာက
ရှစ်ခွန်း ၊အရှင်အာနန္ဒာ တစ်ခွန်းလျှင် ဘုရားရှင်က တစ်ဆယ့်ခြောက်ခွန်းပြီး
တော်မူသည်ဟုလာရှိသည်။ ထို့ကြောင့်လူတစ်ခွန်းလျှင် မြတ်ဘုရားရှင်က ၁၂၈
ခွန်းပြီးတော်မူသည်ဟုတွေ့ရသည်။ဓမ္မရာသီပျို့၌မူ
လူသားတစ်ခွန်းလျှင်ဘုရားရှင်က ၅၁၂ ခွန်းပြီး
အောင်ဟောကြားနိုင်သည်ဟုမူကွဲလျှက်တွေ့ရပေသည်။``နှုတ်တော်မြန်ထွက်၊ လျင်ခြင်းတွက်မူ၊
အသက်ရှိဆန်း၊လူဗိုလ်ဝန်းတို့၊ တစ်ခွန်းဟကာ၊ကျေးတို့မှာမူ၊လျင်စွာလေးဆ၊
ရွရွပီထွေ၊ ဆိုနိုင်လေ၏။ ပြစ်ပြေ လျင်ထန်၊ ရှင်အာနန်ကား၊အမှန်ရှစ်ချက်၊
ကျေးထက်တက်၏၊ အဖက်မရှိ ၊မြတ်မုနိကား၊လျင်ဘိတုံစွာ၊ အာနန္ဒာ ထက်၊သိသာလှလွန်း၊
ဆယ့်ခြောက် ခွန်းဖြင့်၊ ဖြန်းဖြန်းမိန့်နိုင်၊ လျင်ခေါင်တိုင်၏။
ဖြိုးလှိုင်များထွေ၊ လျင်ခြင်းရေမူ၊
ဗိုလ်ခြေအ၀န်း၊လူမည်ဆန်းထက်၊အစွန်းနှစ်ဆယ်၊ငါးရာဖြစ်၏။´´(ဓမ္မရာသီပျို့)၀ါတွင်းသုံးလ တာဝတိံသာနတ်ပြည် အဘိဓမ္မာ ဓမ္မသဘင်အဆုံးတွင် မယ်တော်မိနတ်ဖြစ်သော သန္တု ဿီတနတ်သားမှာ သောတာပန်ဖြစ်တော်မူ၍နတ်ဗြဟ္မာအပေါင်း ကုဋေရှစ် သောင်းတို့သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ (ရဟန္တာ)များဖြစ်ကုန်ကြသည်။
သင်္ကဿနဂိုရ်ပြည် ဆင်းသက်ပြီ
သီတင်းကျွတ်လပြည့်နေ့သို့ရောက်သောအခါ မြတ်ဗုဒ္ဓသည်
ကျေးဇူးဆပ်အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးသည်ဖြစ်သောကြောင့်
လူပြည်သို့ပြန်လည်ဆင်း သက်ရန်မိန့်သောကြောင့် သိကြားမင်း သည်
နတ်သားတို့အားအကြောင်းကြာလျှက် နတ်ပြည်သုဒဿနမြို့တောင်တံခါးမှ
လူ့ဘုံသင်္ကဿနဂိုရ်ပြည် တောင်တံခါးထိ အလွန်ကြီး ကျယ်နှစ်လိုဖွယ်ကောင်းလှသော
ပတ္တမြားစောင်းတန်းနှင့်တကွ ရွှေအတိဖြစ်သော ရွှေစောင်းတန်းတစ်ခု
ငွေအတိဖြစ်သောငွေစောင်းတန်း တစ်ခုဖန် ဆင်းပေးတော်မူလေသည်။ မြတ်ဗုဒ္ဓလည်း သု
ဒဿနမြို့လှေကားထိပ်၌ရပ်ခါ
စတုတ္ထဈာန်ဝင်စားလျှက်လောက၀ိဝရဏမည်သောတန်ခိုးပြာဋိဟာကို ပြတော်မူ လျှက်
အထက် အောက်အရပ်တို့ကို ကြည့်ရူ့ တော်မူလေသည်။
ထိုအခါတန်ခိုးတော်ကြောင့်
အောက်အ၀ီစိမှ အထက်ဘ၀ဂ်တိုင်အောင် သုံးဆယ့်တစ်ပုံအလုံး စုံတို့ သည်
ကြေးမှုံမှန်ပြင်ကဲ့သို့ ကြည်လင်ကာ တစ်သားထဲဖြစ်ကုန်တော့သည်။
လူတို့သည်ပင်လျှင် နတ် ဗြဟ္မာ အ၀ီ စိအလုံးစုံသောဘုံတို့အား မြင်ရလေသည်။
မြတ်ဗုဒ္ဓသည် နီလ ပီတ လောဟိတ စသောရောင်ခြည် ခြောက်
သွယ်တို့အားထွန်းထွက်ရောင်ဖြာ
တောက်ပဆန်းကြယ်စွာပြတော်မူလျှက်ပတ္တမြားစောင်းတန်းမှဆင်းသက်တော်မူရာ
ဗြဟ္မာမင်းတို့သည် ရွှေထီးငွေထီး သန္တာထီးတို့ဖြင့် အသီးသီးမိုးခါ
ဗြဟ္မာပရိတ်သတ်တို့ဖြင့် လက် ယာရွှေ စောင်းတန်းမှ ဆင်းသက်ကုန်၏။
သုံးဆယ့်သုံးပါးသောသိကြားမင်းတို့တွင် အချို့ရွှေတံခွန် ငွေတံခွန်တို့ကို
ကိုင်လျှက် အချို့ခရုသင်းတို့ကိုမှုတ်လျှက် ၊ပဉ္စသီခနတ်သားသည်
ဦးသျှောင်ငါးခုရှိသော မကိုဋ်ကို ဆောင်းခါ
နတ်စောင်းကိုသာယာနာပျော်ဖွယ်အသံဖြင့်တီးခတ်ပူဇော်လျှက်၊ မာတလိနတ်သားသည်
စာမရီသားမြီးယပ်ကို ခတ်လျှက်
နတ်အပေါင်းတို့နှင့်တကွလက်ဝဲငွေစောင်းတန်းမှဆင်းသက်လေ၏။ယင်းသို့သော ရှု့မျှော်ခင်းကို ဖူးမြော်မ၀တွေ့ကြရသော သုံးဆယ်ခြောက်ယူဇနာ အကျယ်အ၀န်း အ ပြည့်ရှိသောလူအပေါင်းတို့သည်လည်းမီးစိမ်း မီးဝါ မီးပြာ မီးနီ မီးရူးပန်းတို့ဖြင့် အံ့သြမကုန်လှပစုံနေအာင်ပူဇော် ကြိုဆိုကြလျှက် ဘုရားဆုကိုတောင်းဆိုကြကုန်တော့သည်။
ဆီးမီးရောင်ဖြာ ထွန်းညှိကာ သောင်းသောင်းဖျဖျ ပူဇော်ကြ
အတုယူစရာ၊ပ၀ါရဏာ
သီတင်းကျွတ်လပြည့်နေ့သည် ၁၂
လရာသီပွဲများတွင် အလွန်ထူးမြတ်သည့်ပွဲဟုပင်ဆိုနိုင်ပေသည်။ သာမန်အားဖြင့်
သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ ဟုဆိုရသော်ငြား သီတင်း လ ပြည့်နေ့တွင်
ဝါတွင်းသုံးလ ပုရိမ၀ါ မှထတော်မူကြသော
သံဃာတော်အရှင်သူမြတ်တို့စည်းဝေးညီညွတ်ရာ ပ၀ါရဏာနေ့လည်းဖြစ်သည်။ ပ၀ါရဏာ ဟူသည်မှာ
``ဖိတ်ကြားခြင်းဟု ´´ အဓိပ္ပါယ်ရသည်။ ရဟန်းတော်များ
တစ်ပါးနှင့်တစ်ပါး အပြစ်ကြီးငယ်ရှိက
ဆုံးမနိုင်ရန်ဖိတ်ကြားခြင်းကိုဆိုလိုသည်။ကောသလတိုင်းဇနပုဒ်တစ်ခု၌
သီတင်းဝါကပ်တော်မူကြ သော ရဟန်း တော်များသည် တစ်ပါးနှင့်တစ်ပါး စကားမပြောဘဲ
ကထိက၀တ်ပြုနေကြခြင်းကိုအကြောင်းပြု၍ မြတ်ဗုဒ္ဓသည်
ပ၀ါရဏာကိုပညတ်တော်မူခဲ့ခြင်းဖြစ်သည်။ ထိုပညတ်
ချက်ကိုအလေးထားသောအနေဖြင့်သီတင်းကျွတ်လပြည့် နေ့ သိမ်အတွင်းဝယ်
သံဃာတော်များ တစ်ပါးနှင့်တစ်ပါးဖိတ်ကြားမှုပြုကြခြင်းဖြစ်သည်။ပါဠိဘာသာအနေအားဖြင့် သံဃံ ဘန္တေပ၀ါရေမိ အစရှိသည်ဖြင့်ဖိတ်ကြားကြသည်။အဓိပ္ပါယ်မှာ ``ရ ဟန်းတော်များ အားလုံးသည် တစ်ပါးနှင့်တစ်ပါး တပည့်တော်အပေါ်၌ အပြစ် ကြီးငယ်များကို မြင်တွေ့ခဲ့ သော်လည်းကောင်း ၊တစ်ဆင့်ကြားသိခဲ့သော်လည်းကောင်း ၊ မေတ္တာကရုဏာ ရှေ့ထားလျှက်ပြောဆိုဆုံးမပေး ပါ၊ တပည့်တော်သည် အရှင်ဘုရား တို့ဆုံးမသည့်အတိုင်း လိုက်နာပြုလုပ်ပါမည်´´ဟု ပြောကြားကြခြင်းဖြစ် သည်။ ၀ါတွင်းသုံးလ တစ်ကျောင်းတည်းအတူသီတင်းသုံးလျှက်ရှိနေကြသော်လည်းဝါကျွတ်ချိန်ခါတွင် တိုင်းဒေ သအသီးသီးသို့ သာသနာပြု တရားဟောကြွရောက်ကြတော့မည်ဖြစ်သောကြောင့် အပြစ်ကြီးငယ်ရှိကဆုံးမနိုင် ရန်ဖိတ်ကြားစုဝေးကြခြင်းလည်းဖြစ်သည်။
ဤသို့ဖိတ်ကြားခြင်းကြောင့် အချင်းချင်းညီညွတ်လာစေခြင်း၊ အပြစ်မမြင်ချစ်ခင်စွာကြေအေးကြခြင်း၊ အာပတ်မှကင်းလွတ်ခြင်း၊ဘုရားအဆုံးအမကို လေးစားလိုက်နာခြင်း အစဉ် လာကောင်းရှိစေခြင်းအကျိုးတရား များရှိပေသည်။ရဟန်းတော်များကဲ့သို့ပင် နတ်ပြည်မှနတ်များသည်လည်း အချင်းချင်းမြင်ကြားယုံမှားအပြစ်များ ရှိခဲ့လျှင်ဆုံးမနိုင်ရန်ပ၀ါရ ဏာ ပြုကြကြောင်း ဒီဃနိကယ်အဌကထာ၌တွေ့ရှိရသည်ဟုလည်းဆိုကြ၏။ထို့ကြောင့် လူ့အသိုင်းအ၀ိုင်းမှအသင်းအဖွဲ့များ မိသားစုများအနေဖြင့်လည်း အတုယူထိုက်စွာ သီတင်းကျွတ် အခါ၌ အပြစ် ကြီး ငယ်တွေ့မြင် ကြားသိ သံသယရှိလျှင်ဆုံးမနိုင်အောင် ကိုယ့်အုပ်စုနှင့်ကိုယ်ဖိတ်ကြားတိုင်ပင်ကြလျှင်အမြင် ရှင်း၍အပြစ်ကင်းစွာ ဘ၀တက်လမ်းအတွက် အကျိုး တရားများရစေနိုင်ပေသည်။
သီတင်းကျွတ်အခါကာလတွင် ဘိုးဘွားမိဘ ဆရာသမား သက်ကြီးရွယ်အိုများအား ရှိခိုးကြခြင်းသည် ဤနည်းကိုမှီ၍ ခိုရှိးကြခြင်းဖြစ်သောကြောင့်ကောင်းမြတ်လှပေသည်။ သို့သော်လည်း ငယ်သူမှအပြစ်ရှိက ကြေ အေးရန်တောင်းပန်ဝန်ချရှိခိုးခြင်းဖြစ်သည်။ အပြစ်ရှိလျှင်ထုတ်ဖော်၍ဆုံးမပေးခိုင်းခြင်းမျိုးမဟုတ်ကြ။ ကြီးသူများ ကလည်း ရှိခိုးခံရုံသာ ရှိကြပြီး မိမိ၏အပြစ်တစ်စုံတရာမြင်ကြား သံသယရှိခဲ့သော်ဖော်ထုတ်ပြောဆို အသိပေး စေလိုကြောင်းမပြောဘဲဖုံးကွယ်မြဲတိုင်းသာလျှင်ရှိကြသည်။ ထို့ကြောင့်ကြီးသူငယ်သူနှစ်ဦး ကြားဝယ်အမြင်မရှင်း သံသယမကင်းဘဲသာလျှင်လုပ်ကိုင်ဆက်ဆံနေရသောကြောင့် တိုးတက်သင့်သလောက်မတိုးတက်ကြခြင်းဖြစ် သည်။ ရဟန်းတော်များလောကတွင် ထေရ် ငယ်မှ ထေရ်ကြီး ထေရ်ကြီးမှ ထေရ်ငယ် အပြန်အလှန်အပြစ်ကို ပြောဆိုစေလျှက်သံယကိုပျောက်ကင်းကြသောကြောင့်အလွန်မွန်မြတ်လှသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့သည်
ဆီမီးထွန်းပွဲ ပ၀ါရဏာပွဲ နှင့်ပင်ပြီးဆုံးသည်မဟုတ်သေး။ အဘိဓမ္မာတ ရားတို့
အစပြုရာ အဘိဓမ္မာအခါတော်နေ့လည်းဖြစ်သည်။ ဤနေ့အဖြစ် သတ်မှတ်ရခြင်းအကြောင်းမှာ၁။နတ်ပြည်ဝတိံသာဝယ် မြတ်ဗုဒ္ဓသည်အကျယ်အားဖြင့်မယ်တော်မိနတ်အမှူးရှိသောနတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားကိုဟော ကြား ၍အပြီးအဆုံးသို့ရောက်သည်မှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း။
၂။စန္ဒကူးတောဝယ် အရှင်သာရိပုတ္တရာအား မြတ်ဗုဒ္ဓမှအကျဉ်းချုပ်အားဖြင့်အဘိဓမ္မာတရားကို ဟော ကြား၍အပြီးအဆုံးသို့ရောက်သည်မှာလည်းသီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း။
၃။အရှင်သာရိပုတ္တာမှ မိမိတပည့်ငါးရာတို့အား မကျဉ်းမကျယ်အလယ်အလတ် ဟောကြားသင်ကြား၍ ပြီးဆုံးသည်မှာလည်း သီတင်းကျွတ်လပြည့်နေ့ပင်ဖြစ်သောကြောင့် သီတင်း ကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါ တော်နေ့ဟုတ်သတ်မှတ်ကြခြင်းဖြစ်သည်။
အဘိဓမ္မာအခါတော်နေ့အခန်းအနားတွင် အဘိဓမ္မာအမေးအဖြေများပြုလုပ်ကြခြင်း။ အဘိဓမ္မာအ ကြောင်း သိကောင်းစရာများကိုဟောပြောကြခြင်း။ အဘိဓမ္မာဂါထာများ ကိုရွတ် ဖတ်ပူဇော်ကြခြင်းများပြုလုပ် ကြ သည်။
တေးကဗျာအလှဖွဲ့နွဲ့ကြ
ထိုသို့နှစ်လိုဖွယ်အလွန်ကောင်းသောကြောင့်
ရှေးရှေးစာဆိုတို့နှင့်တကွယနေ့ခေတ်စာဆိုတို့တိုင်သီ တင်းကျွတ်လ၏ သာယာပုံ
တေးငှက်သာတကာပန်းမာလာတို့ တင့်ဆန်းပွင့် လန်းပုံ ရာသီသဘာဝ လှပပုံကို
ပျို့အလင်္ကာ တန်ဆာဆင်ကာဖွဲ့ဆိုခဲ့ကြသည်။ ထိုသို့ဖွဲ့ဆိုခဲ့သည့်ကဗျာတေးအလှ
ထဲမှ ရှေးစာဆိုတို့ဖွဲ့အပ်သော ပျို့ကဗျာ စာပိုဒ်များကို ခေတ်လူ
ငယ်တို့မှတ်သားဖွယ် ဖော်ပြပေးအပ်ချင်ပါသည်။ငါးမည်ရွှေကြာ၊ ကြိုင်လှာပျံ့သင်း၊ သီတင်းကျွတ်လျှင်၊ တူလက်ခေါ်ကြ၊အဿဏီ၊ ပြည့်လာညီသည်၊ စဉ်စီခင်းကျင်း၊ ၀င်းလေးမျက်နှာ၊ ညီလာခံမြဲ။(စာဆိုတော်န၀ဒေး)
ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ၊ ကွန့်မြူးမြင်းမိုရ်မီး ညီးတဲ့ခါ ချိန်၊ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း၊ သက္ကစ္စံဂါရ၀နှင့် စဉ်အလာပူဇော်ပွဲကို ခဲကြပေတောင်း။(ဘိုးသူတော်ဦးမင်း)
သီတင်းကျွတ်ဆီ၊ အဿဝဏီလျှင်၊ တူရာသီနှင့်၊ ချိန်ကိုလင့်၍၊ ပွင့်ခြင်းငါးမည်၊ ကြာမျိုးစည်က၊ ပတ် လည်သိမ့်သိမ့်၊ တိမ်နိမ့်နိမ့်နှင့်၊ ပြိုလိမ့်ခမန်း၊ လျှပ်ခြည်တန်းလှ၊ လကိုတွက်မူ၊ ချိန်တက်သာလေး၊ ရင်ရှု့ ကြွေးသည်၊ လေးလ၀ဿန် ကူးတော့သည်။(ရဝေရှင်ထွေး)
ထိန်ထိန်ငယ်ပြောင်သည်၊ မှောင်နဘေထိ၊ လင်းရောင်ညိနှင့်၊ အဂ္ဂမာလာ၊ ရွှေဥပါလ်အာကာ၊ နမ်း နယ်လောင်လုဖွယ်တိ၊ လျှပ်နွယ်လိုလို ၊မြေဗဟိုလဲ၊ မြင်းမိုရ်သာခေါင်၊ ဇေယျာ တောင်က၊ ထောင်ဆီမီးဝါ၊ ခါပွဲ တော်သာတုန်းမို့၊ ငါးကြာပွင့်မုံ လျှံဝယ်ကုံ ၊ကုမံကြိုင်ကြိုင်လ၀ယ်မှ လွမ်းစတွေဖွဲ့။(စာဆိုတော်ဦးမင်း)
သာစွလေ ၊ မြောက်လေပြန်စ၊ကောင်းကင်လနှင့်၊ အဿဝဏီ၊ ပြည့်လှညီသော်၊ ရာသီတူခွင်၊ ရေပြင် လှတင့်၊ ကြာမျိုးပွင့်၍၊ မြတ်ကျင့်ခေါင်တွတ်၊ သီတင်းကျွတ်ကား၊ ရွှေလွှတ် တော်ပွဲ၊ ထက်မြဲခင်းကျင်း၊ မြို့တွင်း မြို့ပြင်၊ ထွန်းတင်ညီဝါ၊ မြို့လယ်မှာမူ၊ အချာဗဟို၊ မီးမြင်းမိုရ်လည်း၊ မဂ်ဖိုရှေးရှု့၊ ပူဇော်လှူ၍။ (ဆည်သည် ဦးအောင်ကြီး)
ထွန်းလင်းရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ၀တိံသာသို့၊ လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး၊ ယှဉ်မှီးတစ်ဝ၊ မြောက်လေသ၍၊ သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်၊ အတူတကွ၊ မောင်ကတောင် မြောက်၊ မယ်ကဖောက်လျှင်၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်-ပြောင် ဆီးမီးတိုင်နှင့်လေး(စာဆိုတော်ဦးယာ)
တူရာသီဝယ်၊ အဿဝဏီကြယ်မြတ်၊ ကျီးမင်းသိန်လဲ၊ ရောင်ရှိန်လျှပ်လို့၊ လဒည်ကယ်နန်းလို၊ မီးမြင်း မိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွက်ကယ်ဥကင်၊ ပွင့်စမ္ပာယ်ရွှင် သောအခါ၊ တိုင်းခွင်ကြီး အောင်ချာမှာ၊ ဆီမီးဝါလိန်၊ ထိန်ဝင်းလို့ လင်းလှတယ်လေ။(မဟာအတုလမင်းကြီး)
ပဉ္စာဧက၊ နက္ခတ္တနှင့်၊ ဘောမပါဒ်တွတ်၊ သီတင်းကျွတ်ကို၊ မညွှတ်မတိမ်း၊ နှင်းရည်လိမ်းလို့၊ စိတ် မငြိမ်းသာကြည်၊ ဘယ်နှယ်လူထည်ပမယ်၊ ဂျွမ်းပြည်တော်လက်ျာစီးက ရွှေကျီးစဲ။ (စာဆိုတော်မယ်ခွေ)
ရွှေကြာငါးပွင့်၊ ငုံအာပွင့်သည့်၊ ကန်မင်းအနေ၊ သာစတေမှာ၊ ကြည်းရေဆွတ်ဖွယ်၊ အသွယ်သွယ်ကို၊ ဖော်ငယ်မဲ့မောင်၊ သလင်းညောင်က၊ ဆိုယောင်စောဖွယ်၊ ဗျာမောပဲကြွယ် တော့ပ၊ ရှစ်နယ်လုံးတိုင်းဘောင်မှာ၊ မှိုင်းပြာမှောင် တောင်ယံလိမ်းလို့ စိမ်းဝဲ့မင်းသို့။(လှိုင်မင်းသားကြီးဆရာဉာဏ်၊ ၀န်ကြီးဦးဖြေ)
ရာသီပိုင်ဘုရင်မင်းတို့၊မြေနန်းရင်းဗဟို၊ရွှေမြင်းမိုရ်တောင်တော်ပွဲကိုတဲ့၊ ခြိမ့်သဲအောင်ထွက်စံမြဲကို ထည့် သုံးဖ၀ါးရိပ်ခိုတယ်၊ ယဉ်စလို ရွှေခါးချပ်ကယ်နဲ့၊ အသားမြတ်ခိုင်နှစ်စုံ၊ ပန်းပွင့်ကြာငုံ၊ မြင်ရသူ ဆတ်ဆတ်တုံ သည်၊ မသေရုံကျန်ခဲ့ရှင့်လေး။(စလေဦးပုည)
အတူဆင်နွှဲ ကျေးလက်သီတင်းကျွတ်ပွဲ

အခါရက်အဖြစ်လဆန်း ၁၄ ရက် ၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့များတွင်သီတင်းသီလ များဆောက်တည်ကြသည်။ ၁၄ ရက်နေ့ရောက်သည်ဆိုလျှင် ရွာလုံးကျွတ် အလုပ် ရှုပ်တော့သည်။ မုန့်ဆီကြော် မုန့်ပေါက် မုန့်လက်ကောက် မုန့်ဖက်ထုတ် ပဲကြော် ကောက်ညှင်းထုတ်များ သူ့ထက်ငါ အပြိုင်အဆိုင်ပြုလုပ်ကြသည်။ ဘိုးဘွားမိဘ ရွှေမျိုးများအိမ်သို့ သူ့မုန့်ကိုယ့်ဆီလာပို့ ကိုယ့်မုန့်သူ့ဆီသွားပို့ကာ မုန့်များလဲလှယ်စားကြသည်။ ညနေ ဆည်းဆာရောက်သည်နှင့် မနက်ဖြန်မနက်ရပ်ဝေးရပ်နီးမှ ကြွရောက်တော် မူလာမည့်သံဃာ တော်တို့အားဆွမ်းဆက်ကပ်ရန် ဆွမ်းချက်ဟင်းချက်အပျိုတော်လေးများအလုပ်ရှုပ်ကုန်သည်။ လူပျိုလေးများကလည်းလိုအပ်ရာရာဝိုင်းလုပ်ကိုင်ကြသည်။ ညလုံးကျွတ်မအိပ်ကြရ သလိုမနက်စောစောပင်ဆွမ်း ဆက်ကပ်ကြရပြန်ပါသည်။ ၈ နာရီအချိန် သံဃာတော်များ ပ၀ါရဏာပြုအပြီး သံဃာ့ဒါန ဆွမ်းဆန်စိမ်းနှင့် န၀ ကမ္မ၀တ္ထုများလှူဒါန်းနိုင်ဖို့ ရာလည်း လုံးပန်းရပြန်ပါသည်။ သို့သော်မောပန်းသည်ဟူ၍မရှိကြ စလိုက်နောက်လိုက် ဖြင့်ရယ်ရယ်မောမောသောသောညံနေတော့သည်။ ထိုအထဲအပျိုကြီးများပါလာလျှင် ``ဘယ်တော့ စားရမှာလဲဒီ တစ်သက်အိုရက်တောင်မှနီးနေပြီ ပျို့ရင်ခွင်မောင်မလာပဲ စိမ်းရက်လေသည်´´ စသဖြင့်နောက်ပြောင်ကြပြန်ရာ မခံချင်သောအပျိုကြီးများက ဒေါသတကြီး ဖြစ်ကြ သည်ကို တ၀ါးဝါးပွဲကျနေကြပြန်ပါသည်။
စာရေးသူရဲ့ရွာလေးသည်အခြားရွာများနှင့်မတူ လဆန်း၁၃ရက်နေ့တွင် စာသင်ကျောင်းမှဆရာ ဆရာ များကိုကျောင်းသားကျောင်းသူများမှ ကန်တော့ကြသည်။ကျောင်းပိတ်ရက် မိမိဇာတိပြန်ချင်သောဆရာဆရာမ များအတွက်ပြန်ရက်ရစေရန်ဖြစ်သည်။ ၁၄ ရက်နေ့ မနက်ပိုင်းသီလဆောက်တည်ကြသည်။ ညနေပိုင်းတွင် စာ သင်ကျောင်းမှဆရာဆရာ မများ နှင့်ကျောင်းသူကျောင်းသားလေးများက ရွာဦးကျောင်းဆရာတော်ထံသို့ ဆိုင်ဗုံ များနှင့် ကန်တော့ပွဲများကို ကိုယ်စီကိုင်လျှက်စီတန်းလှည့်လည်ကာလာရောက် ကန်တော့ကြ သည်။ ၁၅ ရက် နေ့တွင် သံဃာတော်များကိုဆွမ်းဆက်ကပ်ခြင်း ဆွမ်းလောင်းလှူခြင်းသီတင်းသီလဆောက်တည်၍ရေစက်ချ အမျှဝေခြင်းများအပြင်``ဂါရဝေ၊ သက္ကစ္စံ ပဏာမေနှင့်၊ သဒ္ဓါခြွေ ကန်တော့ပွဲကိုလ၊ မစဲပေါင်ကုသိုလ်နှိုးကြ တယ်၊မျိုးမြန်မာ့တိုင်း´´ကဗျာကဲ့သို့ ညနေပိုင်းအခါ သက်ကြီးရွယ်အိုဘိုးဘွားမိဘများအားရွာလုံးကျွတ်လိုက်လံ ကန်တော့ကြ ပြန်ပါသည်။ ရှေ့မှအနောက်တောင်မှမြောက် ကန်တော့ပွဲများကိုကိုင်လျှက် ဘိုးဘွား ဦးဦးဒေါ်ဒေါ် အိမ်များသို့သွားရောက်ကန်တော့နေသည်မှာ ရွာအတွင်းဝယ်ပုပုရွရွရှု့ မ၀ အောင် ရှိလှသည်။ ညပိုင်းတွင်ရောင် ဆီမီးများထွန်းညှိကာ ဘုရားကျောင်းကန်နှင့် အိမ်တွင်းအိမ်ပြင်အလှဆင်ကြသည်။
လပြည့်ကျော်တစ်ရက်နေ့ရောက်သောအခါနံနက်ပိုင်းသီတင်းသီလများစောင့်တည်ကြသည်။ ညနေပိုင်း အချိန်တွင် ရွာလုံးကျွတ် ဆိုင်းဗုံအကအလှများဖြင့် ရွာဦးကျောင်းသို့စီတန်း လှည့်လည် ကန်တော့ကြသည်။ လှည့်လည်သူများလက်ထဲတွင် ဖယောင်းတိုင်လေးများကိုမီးညှိထွန်းထားသည်။ ဦးခေါင်းပေါ်တွင်ကန်တော့ပွဲကို ရွတ်ထားသည်။အဝေးမှကြည့်လျှင် ဆီမီးရောင်တန်းများဖြင့်လှည့်လည်နေသည့်မြင်ခွင်းမှာ အလွန်လှပလွန်းလှ သည်။ကာလသားများကလည်း ဗြောက်အိုးများ မီးရှုးမီးပန်းများကို ဖောက်ကုန်ပြန်ရာ အပျိုလေးများ ထိန့် လန့်ကာကန်တော့ပွဲများပြုတ်ကျကုန်မည်စိုးသဖြင့် လွတ်ရာသို့သွားကြရန်သတိပေးရသည်။ အချို့ကာလသား များကတော့ စီတန်းလှည့်လည်သူတို့ တွင်လေတိုက်၍မီး ငြိမ်း ကုန်သောသူတို့အားလိုက်လံမီးညှိပေးနေကြသည်။ အချို့ကအပျိုတော်လေးများကို စနောက်ကြည်စယ်ချစ်စဖွယ်အကြည့်လေးများပေးနေကြပြန်သည်။ ရွာကိုတစ် ပတ်ပတ်၍ ရွာဦး ကျောင်းကိုသုံးပတ်တိတိပတ်ကြပြီး မှ ကျောင်းတော်ပေါ်သို့တက်ကြသည်။
ကျောင်းပေါ်သို့ရောက်သောအခါပါလာသောကန်တော့ပွဲများနှင့် ဆီမီးတိုင်များကို ဘုရားတွင်လှူကြ သည်။ကျောင်းမုခ်ဦး တံတိုင်းများပါမကျန် ကူဋီအိမ်အဆုံးလိုက်လံ ထွန်းညှိ ပူဇော်ကြသည်။ အချိန်သည်လည်း မှောင်လာပြီဖြစ်သောကြောင့် ဆီမီးရောင်များမှာ ကောင်ကင်မှကြယ်များအလှ မီးစာလေးများယိမ်းနွဲ့နွဲ့ဖြင့် အလွန်ကြည့်မ၀အောင်ရှိပေ တော့ သည်။
အားလုံးလှူပြီးသည်အထိကိုသာဗျောတို့အိုစည်အဖွဲ့ကအတီးမရပ်သေး ကျောင်းကြီးပေါ်တွင်အုပ်ကျက် ညံနေအောင်တီးနေကြသောကြောင့် ဆရာတော်အားကန်တော့ခြင်းသီလယူ ရေချခြင်းများ မပြုလုပ်နိုင်ပဲရှိပေ တော့သည်။ ဤအခါအလိုက်သိသောကပ္ပိယကြီးဦးတင်မောင်မှ ငှက်ပျောသီးနှင့်မုန့်မျိုးစုံအားဗန်းဇလုံတွင် အ ပြည့်ထည့်လျှက် အိုးစည်အဖွဲ့ကိုသွား ပေးမှအတီးရပ်တော့သည်။ သို့မှဆရာတော်အားကန်တော့ရေစက်ချခြင်း ကိုပြုနိုင်ကြသည်။
ရွာဦးကျောင်းမှအမြန် မိမိတို့ အိမ်ရှိဘုရား နှင့်ခြံဝန်းအတွင်းဝယ် ရောင်စုံမီးများထွန်းညှိကြပြန်သည်။ တစ်ရွာလုံးထိန်ဝင်းလျှက်နေ့ခင်းအလားရှိတော့သည်။
လပြည့်ကျော် ၃-၄-၅ ရက်နေ့များတွင် ကိုယ့်ရွာမှအခြားရွာဆရာတော်များအားသွားရောက်ကန်တော့ ကြသလို၊ အခြားရွာများမှလည်းကိုယ့်ရွာဆရာတော် သို့လာရောက်ကန်တော့ သောကြောင့် ကျွေးဖို့မွေးဖို့လုပ်ကြ ရပြန်ရာမပြီးဆုံးနိုင်အောင်ရှိလှသည်။ ထို့သို့ပျော်ရွှင်ဖွယ်အတိဖြစ်နေသောကြောင့်လည်း မိဘဆရာများကို ကန်တော့ရင်း နှစ်စဉ်ဇာတိ မြေကိုပြန် ခြင်းဖြစ်သည်။
ဆီမီးမြင့်မိုရ် သဒ္ဓါပို
အချို့မြို့ရွာများတွင်သီတင်းကျွတ်လပြည့်နေ့၌ဆီမီးမြင့်မိုရ်ပွဲများပြုလုပ်ခြင်း
မီးပုံးပျံများလွတ်တင်ခြင်း များကိုလည်းပြုလုပ်ကြသည်။ဆီမီးမြင့်မိုရ်ဟူသည်
တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွမြန်းလာသည့် မြတ်ဗုဒ္ဓ နောက်တော်ပါးဝယ်
လိုက်ပါလာသောနတ်ဗြဟ္မာတို့နှင့်တကွ လူ့ပြည်မှာ ဆီကြိုကြသူ
များဗိုလ်လူတို့သည် မီးစိမ်း မီးဝါ မီးပြာ မီးနီ မီပန်းများ
ဖြင့်ပူဇော်ကြပုံကိုရည်ကာ ရှစ်သောင်းလေးတောင်အမြင့်ဆောင်သည့် မြင်းမိုရ်
တောင်ဟန်ကိုပြုလုပ်၍တောင်ထိပ်၌
မြတ်ဗုဒ္ဓသီတင်းသုံးရန်ကျောင်းဆောင်ဆောက်လုပ်သည်။ ယူဇနာလေး သောင်းနှစ်ထောင်
အမြင့်ဆောင်သည့် မြင်းမိုရ်တောင်ကိုရံလျှက်ရှိသော
ယုဂန္ဓရအစရှိသောတောင်စဉ်ခုနှစ် လုံးဟန် အနှိမ့်အမြင့် ၀င်္ကဘာတိုင်များစိုက်ကာ
တာဝ တိံသာနတ်ပြည်ဘုရားကျောင်းနေရာမှ စောင်းတန်း
သုံးသွယ်ဆင်းဟန်ပြုလုပ်ကြပြီး ၀င်္ကဘာတိုင်များပေါ် တန်းများပြုလုပ်လျှက်
ထိုတန်းများပေါ်တွင်ဆီမီးခွက်များ လှပစွာထွန်း
ညှိပူဇော်ကြသည်။ထိုမြင့်မိုရ်တောင်နှင့်တောင်စဉ်ခုနှစ်သွယ်
ကြားဝယ်လှည့်လည်သွားနိုင်ရန် လမ်း များကို
အသွားအလာခက်အောင်ကွေ့ကွေ့ကောက်ကောက်မျက်စိလည်စရာ ဖောက်ထားခြင်းကို ၀င်္ကဘာဟု
ခေါ်ခြင်းဖြစ်သည်။ဝင်္ကဘာဆိုသည် လေးထောင့်ပုံဖြစ်သည်
ဘုရားကျောင်းဆောင်မှတစ်ဆင့်ထက်တစ်ဆင့် နှိမ့် ၍လေးဘက်တန်းရိုက်လာခဲ့သည်။
ထိုအပေါ်၌ဆီမီးခွက်များထွန်း ညှိလိုက်သောအခါ အလွန်ကြည်နူးဖွယ် လှပ
ဆန်းကြယ်စွာဖူးမျှော်မ၀ရှိကြလေသည်။
မီးပုံးလွှတ်ခါ ပူဇော်ရှာ
ကျေးလက်နှင့်မြို့ပြဒေသများထိ
မီးပုံးပျံလွှတ်ပွဲများအစဉ်အလာကို ခုချိန်ထိ ပြုလုပ်နေကြသည်ကို တွေ့ရပေမည်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်နှင့် တောင်ကြီးတန်ဆောင် တိုင်ပွဲများ၌
မီးပုံးပျံတွင် မြတ်ဗုဒ္ဓ ပုံတော်များဖြင့်
ရောင်စုံဆီမီးခွက်များထွန်းညှိပူဇော်ကာ
စာဖွဲ့မကုန်လှပစုံအောင်မှိုင်းသွင်း၍မိုးယံတိမ်လွှာ ကြားသို့
လွှင့်တင်ကြလျှက်အလှပြိုင်ပွဲ များပင်ပြုလုပ်ကြသည်။
ထိုမီးအိမ်ပျံတစ်ခု၏ကုန်ကျစရိတ်မှာ သိန်းပေါင်း လေးငါးဆယ်ထိရှိသည်။
မီးအိမ်ပျံ
တိမ်ယံလွှတ်လို့၊ မိုးလုံးကျွတ် ဝေဆာဆာ၊ ထူးတင့်သာယာ။
သည်အခါ
ဝတိံသာကကြွမြန်း၊ သုံးလူ့ရှင်သာကိန္ဒကို၊ ရည်ခရည်မှန်း။
ဟူသည့်ကဗျာလက်ာကိုကြည့်
လျှင်ပင် လွှတ်တင်ရခြင်းရည်ရွယ်ချက်ကိုသိနိုင်ပေသည်။ တာဝတိံသာ မှပြန်ကြွ
လာသောမြတ်ဗုဒ္ဓကို ရည်မှန်းပူဇော်ကြသည်သာလျှင်ဖြစ်သည်။အချို့ကမူ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ပုဆိုးကိုယူ၍ အက္ကနိဌဗြဟ္မာဘုံ၌တည်ထားသော ဒုဿစေ တီနှင့်အလောင်းမင်းသားဆံတော်ကိုယူ၍တည်ထားအပ်သော တာဝတိံ သာနတ်ပြည်က စူဠာမဏိစေတီများကို ရည်မှန်းပူဇော်သည့်အနေဖြင့် မီးပုံးပျံ မီးရူးပန်းများလွှတ်တင်ကြခြင်းဖြစ်သည်ဟုယူဆကြသည်။ မည်သို့ဆိုစေ ကာမူ``အာကာငူ နဘံ နန်းဆီက။ များဗိုလ်လူ ရူ့မခန်းအောင်၊ ပျံသန်းစေ သည်အရေးရယ်နဲ့၊ မူအသွင် လူယဉ် ကျေးရယ်တို့၊ ကုသလာ ပြုကာနှေးစေနဲ့၊ နိဗ္ဗူတာ နောင်မဝေးရအောင် (ကိုင်းဆရာ့) မှိုင်း ပေး၍လွှတ် စမ်း´´ ဟူသောဆိုင်းဆင့်ကဗျာအရ မီးပုံးပျံလွှတ်ခြင်း မီးရူးမီးပန်းများဖောက်ခြင်းသည် အပျော်အတွက်သက်သက် မဟုတ်ကုသိုလ်တိုးရန် မြတ်ဗုဒ္ဓအားဆီမီးဖြင့်ပူ ဇော်ခြင်းဖြစ်ကြောင်းကို ယနေ့လူငယ်များသိထားဖို့ကောင်းပေ သည်။
ဆီးမီးလှူရ ကျိုးဖလ
ဆရာတော်သီရိပ၀ရသုဓမ္မာဘိလက်ာရရေးသားတော်မူသော ပုစ္ဆာပကိဏ္ဏကကျမ်းတွင်ဆီမီးခွက် လှူရ ကျိုးသုံးပါးကိုလည်းတွေ့ရသည်။ ၁။လုံခြုံသောချမ်းသာနှင့်ပြည့်စုံခြင်း။ ၂။အမျိုးမြတ်ခြင်း။ ၃။အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်းတို့ဖြစ်သည်။ဤသည်မှာ ဆီမီးပူဇော်ရကျိုးသာဖြစ်သည်သီတင်းကျွတ်ကာလ ဆရာသမားဘိုးဘွား မိဘများကို ရှိခိုးရသော ကြောင့်အကျိုးတရားများစွာလည်းရနိုင်ကြပေသည်။
ထို့ကြောင့် သီတင်းကျွတ်ချိန်အခါ ဆီမီးရောင်ဖြာစွာလှူဒါန်းကြသူတို့သည် ဖော်ပြပါအကျိုးတရားများ ကိုလည်းရရှိကြမည်ဖြစ်သောကြောင့် နှစ်စဉ်အမြဲစစ်မှန်သောသီတင်းကျွတ် ဆီမီးထွန်းညှိပူဇော်ပွဲများ ပြုလုပ်ကြ ကာလူ့ဘ၀၏ အနှစ်သာရကုသိုလ်တရားများကို ယူနိုင်ကြစေကြောင်းဆုမွန်တောင်းကာပေးလိုက်ရပေတော့ သည်။
ကျမ်းကိုးစာရင်း၊ ၊ ၁။ ဇိနတ္ထပကာသနီကျမ်း။ ၂။ ခါတော်နေ့ရက်များ (မာဂဓီ သာစည်)။ ၃။ ဆောင်းပါးပေါင်းချုပ် (အရှင်သုဇနပဏ္ဍိတ) ၄။ တစ်ဆယ့်နှစ်လရာသီ (ဒေါ်နုကြည်-မဟာဝိဇ္ဇာ) ၅။ ကိုယ်ပိုင်အတွေ့အကြုံများ ။

No comments:
Post a Comment