တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၁)
ကထိန်ဆင်နွှဲရာသီပွဲ
မြောက်လေငယ်
သွင်းပါလို့၊ မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည်၊
ရွှေကျီးညိုတာရာနှင့်၊ ကြတ္တိကာထွန်းတဲ့လကိုလေး။ တန်ဆောင်ငယ်မာသ၊
ဆယ့်နှစ်လတွင်၊ချမ်းမြဧရင်၊ ဗြိစ္ဆာခွင်သို့၊ ရက်ငင်ပြောင်းခွာ၊ ခ၀ဲညှာလဲ၊
ခိုင်လွှာဝတ်မှုန်၊ရနံ့သာထုံတော့ တယ်၊ ဖုန်းဂုဏ်ကြော့ သမ္ဘိန်မှာ၊ လှူကထိန်
သဘင်ခင်းကျင်းကြတယ်လေး။(မဟာအတုလမင်းကြီး)
မြန်မာတို့၏ ၁၂ လပွဲတော်များအနက် တန်ဆောင်မုန်းလပွဲသည်
ကထိန်ပွဲတော်ဖြစ်သည်။တစ်နည်းဆိုရသော် ၀ဿာန ဿ မစ္ဆိမော မာသော ဇာနိတဗ္ဗော ။
ဝဿာနဿ၊ မိုးဥတုလေးလ၏။ မစ္ဆိမာသော၊ နောက်ဆုံးဖြစ်သောတစ်လကို။ဇာနိတဗ္ဗော၊
ကထိန်ခင်းခွင့်ရသောလဟူ၍ သိမှတ်အပ်၏။ဆိုသည့်အတိုင်း
ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိ မိုးဥတု
လေးလတို့တွင်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ
တန်ဆောင်မုန်းလပြည့်နေ့အထိတစ်လအတွင်းဝယ် ကထိန်ပွဲ များကျင်းပလေ့ရှိကြသည်။
ကထိန်သည်ရာသီပွဲတော်ဖြစ်သောကြောင့် မြန်မာနိုင်ငံအ၀ှမ်း ပြည်နယ်တိုင်း
ရိုးရာဓလေ့အတိုင်း မိမိတို့ကိုးကွယ်ကြည် ညိုရာ
ဘုန်းတော်ကြီးကျောင်းများတွင် ပျော်ပွဲ ရွှင်ပွဲများနှင့် တကွ
ခင်းကျင်းလှူဒါန်းပွဲဇော်ပွဲများပြုလုပ်ကြသည်။ ကထိန်ခင်းရာ
တွင်အဓိကမဖြစ်မနေ ပါဝင်ရမည့် အရာမှာ တိစီဝရိတ် ခေါ်သော နှစ်ထပ်သင်္ကန်း ၊
အပေါ်ရုံဧကသီ၊ ခါးဝတ် သင်းပိုင် စသောသုံး ထည် တို့တွင်
တစ်ထည်ထည်ပါဝင်ရမည်ဖြစ်သည်။ထိုသင်္ကန်းတစ်ထည်ထည်မပါဝင်ပဲ ကထိန်ခင်း၍မရပေ
အခြားသော သုံး ဆောင်စရာ ပ၀ါ စောင် ခြင်ထောင် အခင်း ဘီရို အိုးခွက်စလောင်း
ပစ္စည်းများသည် ကထိန်ခင်းရာ၌ ပဓာနမကျလှ ။သင်္ကန်း သုံး ထည်တို့ တွင်
တစ်ထည်ထည်မပါပဲ အခြားအဖိုးတန် ပရိဘောဂပစ္စည်းများ
မည်မျှလှူ၍ကထိန်ခင်းစေကာမူ ကထိန် မမြောက်ပေ မည်သည့်ပစ္စည်းမှ မပါပဲ
သင်္ကန်းသုံးထည် ထဲမှ တစ်ထည်ပါဝင်လျှင် ကထိန်ခင်းမှုမြောက်ကြောင်း
ကျမ်းဂန်များတွင်တွေ့ရှိရ သည်။
ကျေးလက်ကထိန် ရောင်မမှိန်
တစ်ရွာတစ်ပုဒ်ဆန်း
သူ့ဓလေ့သူမူရာ ဖြင့် အကအလှခင်းကျင်းမှုများဖြင့် ကထိန်ခင်းကြသည်။ ထိုသို့
ပျော်ရွှင်စွာဆင်နွှဲ သည့်ကထိန်ပွဲများထဲတွင် စာရေးသူ၏ ရွာကထိန်ပွဲသည်လည်း
ပျော်စရာကောင်းလှသည်။ ကထိန်ခင်းရမည့်ကာလ အတွင်းဉတ် မကြီး
ကထိန်ဒါယကာတစ်ဦးတည်းပေါ်လျှင် ဘုန်းတော်ကြီးများကိုဆွမ်းဆက်ကပ်ခြင်း
လာရောက်သောပရိသတ်များကို ဧည့်ခံ ကျွေးမွေးခြင်းကို
ကထိန်ဒါယကာကပင်ကုန်ကျခံရသည်။
ရွာသူရွာသားများကလည်းမိမိတို့တတ်အားသရွေ့လှူဖွယ်ပစ္စည်းအစုံ စုံတို့အား
ပဒေသာပင် သီးခြားချိတ်ဆွဲလှူဒါန်းကြသည်။ ပဒေသာပင်ဟူသည်မှာ သစ်သား
ဝါးများဖြင့် အောက်မှ လေးယောက် ထမ်းနိုင်ရန် ထန်းစဉ်ကဲ့သို့ပြုလုပ်ထားပြီး
အထက်တွင် တြိဂံ ပုံစုံ အချို့စတုဂံပုံစံ ချင်းခြားရိုက်လျှက်
ပစ္စည်းများချိတ်ဆွဲနိုင်ရန် ပြု လုပ်ထားခြင်းဖြစ်သည်။ အလှအပ ကြိုက်လျှင်
ထိုပဒေသာပင်များအား ရွှေဖဲကြိုး ငွေဖဲကြိုး
စက္ကူစတွန့်စများဖြင့်ကပ်ခါအလှဆင် ကြသေးသည်။
လှူဖွယ်ပစ္စည်းများ ပဒေသာပင်များသို့ အပြိုင်အဆိုင်
လာရောက်လှူဒါန်းချိတ်ဆွဲကြသည်မှာ ရွာဆော်ကြီး ဦးတင်မောင်
ပင်အသံတိမ်ဝင်အောင် လော်စပီကာကြီးဖြင့်
အော်နေရပေတော့သည်။ကထိန်ဒါယကာတစ်ဦးတည်းမရှိလျှင်လည်း သိပ်တော့ မထူးဆန်းပေ
လှူဖွယ်ပစ္စည်းနှင့် ဆွမ်းကပ် ဧည့်ခံခြင်းစရိတ်များအားလုံးကို
ကျေးရွာတစ်ရွာလုံးက ၀ိုင်းဝန်းကုန်ကျခံသည်သာကွဲ သွားသည်။ တတ်စွမ်းသမျှ
လှူဖွယ်ပစ္စည်းများကတော့ ဉတ်မကြီးအပြင် အမြဲ အပိုတန်ဆာ
ဆင်ထားရမြဲပင်ဖြစ်သည်။ ကျွန် တော်တို့ ပေကြီးကျေးရွာတွင်
အခြားရွာများနှင့်မတူသော အချက်မှာ ဘယ်သို့ပွဲများပင်ရှိရှိ ရပ်ရွာအပြင်
ကျေးရွာအလယ်တန်း ကျောင်းရှိဆရာ ဆရာမများနှင့်
ကျောင်းသူကျောင်းသားများကလည်း သီးခြားထွက်၍လှူဒါန်းကြခြင်းပင်ဖြစ်သည်။
ကျောင်းအုပ် ဆရာကြီး ဦးကျော်ဌေး၏
လုပ်ဆောင်ချက်ကောင်းစိတ်ထားကောင်းရှိသောကြောင့်လည်းပါသည်။
ယခုလိုကထိန်ပွဲတော် တွင် လည်းကထိန်ဒါယကာ ပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေ
စာသင်ကျောင်းမှလည်း ပဒေသာပင်တစ်ခုအမြဲထွက်လျှက် လုပ်အားခ
များကိုတတ်အားသမျှလှူဒါန်းကြသည့်မြတ်စိတ်ထားပင်ဖြစ်သည်။
ကထိန်ခင်းကျင်းမည့်ရက်မတိုင်မှီ သုံးလေးရက်ကြိုတင်၍
ပဒေသာပင်များထားရှိရာနေရာတွင်အလှူခံပေး၍ ပဒေသာ ပင်များကိုကြည်ညိုဖွယ်ရာ
ခင်းကျင်းပြသထားသည်။ အလှူရှင်နာမည်များကို သူ့ထက်ငါ အပြိုင်လိုက်ဖတ်ရင်း
ဘယ်သူကဘာ လေးလှူထားတာဟဲ့ ငါတို့တော့
အသုံးလည်းတည့်သူများလည်းမလှူသေးတာလေးလှူဦးမှဟု
သဒ္ဓါယိုဖိတ်လှူလိုစိတ်လေးများ ဖြစ်ပေါ်စေရန်ဖြစ်သည်။
ကထိန်ခင်းမည့်ရက်သို့ ကျရောက်သောအခါနံနက်ခင်းတွင်
ကြွရောက်လာသောပင့်သာများနှင့် အာဝါသိကရဟန်း
သာမဏေများအားဆွမ်းဘောဇဉ်များဆက်ကပ်လှူဒါန်းကြသည်။နံနက်(၈)နာရီအချိန်တွင်
ခင်းကျင်းထားသည့် နေရာမှပဒေ သာပင်များနှင့် အခြားပစ္စည်းများအားရွာ
သူရွာသားများကကိုယ်စီကိုယ်စီ တာဝန်ယူကိုင်ဆောင်ထမ်းရွက်ရသည်။ ရွာမိရွာ
ဖများက ဘုရားအိုးပန်းအိုးများရွက်ခြင်း တံခွန်
ကုက္ကားပန်းများကိုင်ဆောင်ခြင်းဖြင့်ရှေ့မှ စီတန်းထားသည်ရှေ့ဆုံးမှာတော့
မင်္ဂလာရွှေဗျောအဖွဲ့ မောင်းအဖွဲ့တို့ကနေရာယူထား ကြသည်။ ရွာမိရွာဖ
များနောက်မှ အလွတ်တမ်းကိုင်ရသည့် ပစ္စည်းလေး များကို အပျိုတော်များ
နှင့်ကလေးသူငယ်များက ကိုင်လျှက်နေရာယူကြသည် ထို့နောက်တွင် ပဒေသာပင်မျာကိုး
လူပျိုတော် ကိုကိုကာလသားတို့က ထန်းကြလျှက် တစ်ဟေး ဟေး
တ၀ါးဝါးပွတ်လောညံနေတော့သည်။ စာသင်ကျောင်းမှ ဆရာဆရာမများ
နှင့်ကျောင်းသားများကလည်း အဖြူအစိမ်းကို ၀တ်လျှက်နေရာယူထားသည်
နောက်ဆုံးတွင် ဒိုးပတ်ဝိုင်းမှ ဦးရွှေရိုးက အရိုးမရှိ
ထင်ရအောင်ကွေးကောက်ကပြနေရာယူကာ ရွာဦးကျောင်းတော်ဆီသို့ တန်းစီ
သယ်ဆောင်လာခဲ့ကြသည့် ဘေးမှာလိုက် ကြည့်ကြသောပရိတ်သတ်များက
အုန်းအုန်းရုန်းရုန်းဖြင့် ဖုန်တထောင်းထောင်းပင်ထနေတော့သည်။
ရွာဦးကျောင်းတိုက်ကြီးသို့ သုံးပတ်လက်ယာရစ်လှည့်လှယ်ကာ
ကျောင်းပေါ်တွင်အသင့်သီတင်းသုံးနေသောသံဃာ
တော်တို့အားပဒေသာပင်များကိုဖြုတ်လျှက် သင်္ကန်းစသောလှူဖွယ်များကိုလှူဒါန်း
တရားနာရေစက်ချအမျှဝေကြသည်။
ကထိန်သင်္ကန်းလှူခြင်း နှင့် ကထိန်ခင်းခြင်းအထူး
ဤတွင်ကထိန်ခင်းခြင်းကိစ္စမပြီးမြောက်သေးချေ။
ကထိန်လျှာသင်္ကန်းလှူဒါန်းခြင်းသာလျှင်ပြီးစီးသေးသည်ဖြစ်၏။က
ထိန်ခင်းခြင်းဟူသည်ရဟန်းတော်များသာလျှက်ခင်း၍ရသည် လူများကခင်း၍မရ
ကထိန်သင်္ကန်းသာလျှင်လှူဒါန်း၍ရသည်။က ထိန်သင်္ကန်
လှူဒါန်းသည့်ကိစ္စသည်ရေစက်ချပြီးသည်နှင့်ပြီးစီးတော့သည်။ သံဃာတော်များက
သိမ်အတွင်းဝယ်စည်းဝေးလျှက်
ကထိန်သင်္ကန်းကို
ကထိန်ခင်းရသည်။ ထိုသင်္ကန်းကို ကထိန်ခင်းရာ၌ ရက်လွန်၍မရပေ ။
ဒီနေ့လှူထားသည့်အတွက် ဒီနေ့ပင် လျှင်ကထိန်ခင်းရသည်။ နောက်ရက်မှခင်း၍မရ
နောက်ရက်မှခင်းလျှင် ကထိန်သင်္ကန်းသိုးပုပ်သွားသောကြောင့် ကထိန်မမြောက်
တော့ပေ။ လှူသည့်နေ့၌ပင် ပူပူနွေးနွေးမသိုးမပုပ်ခင် ကထိန်ခင်းပါမှ
ကထိန်မြောက်ပြီး။ ကထိန်အာနိသင်အကျိုးတရားများ ရရှိ ကြမည်ဖြစ်သည်။
ကထိန်အဓိပ္ပါယ် သိမှတ်ဖွယ်
ကထိန်ဟူသည် ဗုဒ္ဓါဒီဟိ ကထိယတေ သိလာဃတေတိ ကထိနံ။ ဗုဒ္ဓါဒီဟိ
၊ဘုရားစသောသူတော်ကောင်းအပေါင်းတို့ သည်။ ကထိယတေ-သိလာဂတေ၊ကောင်းပေစွ
မြတ်ပေစွဟု ချီးမွမ်း ထောပနာတတ်၏။ဣတိ-တသ္မာ၊ထို့ကြောင်။ ကထိနံ ၊က ထိန်မည်၏
ဟု ၀စနတ္ထပြုကြကုန်၏။ သူတော်ကောင်းအပေါင်းတို့ချီးမွမ်းအပ်သည်ကို
ကထိန်ဟူ၍ခေါ်ဆိုရပြီးကထိန် ဟူသော စကား၏အဓိပ္ပါယ်မှာ ကထိနန္တိ ပဉ္စာနိသံသေ
အန္တောကရဏ သမတ္ထတာယ ထရန္တိအတ္ထော- ဟူသောသာရတ္ထဋီကာအရ ကထိန်
အာနိသင်ငါးပါးတို့သည် အတွင်းကျကျထာဝရ မြဲမြန်ခြင်း
ခိုင်ခံ့ခြင်းအနက်သဘောရှိသောကြောင့် ကထိန်ဟုခေါ်ဆိုရကြောင်း ပြ ဆိုထားပေသည်။
ကထိန်အစ ဘယ်ချိန်က
ကထိန်စတင်ဖြစ်ပေါ်လာပုံမှာ
မြတ်ဗုဒ္ဓသည်ဘုရားအဖြစ်သို့ရောက်တော်မူပြီးသုံးဝါမြောက်အခါလောက်တွင်
ပါဝါပြည် သား(အချို့ ပါဝေယျကတိုင်းသားဟုတွေ့ရ)
ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်ကိုအကြောင်းပြု၍ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ညီနောင်သုံးကျိပ်တို့နှင့် အတူပေါ်ပါးရန် ကြေးစားအမျိုးသမီးများကိုအသီးအသီး
ခေါ်ဆောင်လာ၍တောသို့ သွားကြလေ
ရာတောထဲတွင်သောက်စားပျော်ပါးအပြီးရေချိုးနေကြစဉ်
ကြေးစားအမျိုးသမီးတစ်ယောက်သည် မင်းသားများ၏ လက်ဝတ်ရတ
နာများကိုခိုးယူထွက်ပြေးသွားရာ(အချို့ကျမ်းများ၌
သောက်စားမူးရစ်အိပ်ပျော်နေစဉ်)မင်းသားများက နောက်မှလိုက်ရှာဖမ်းကြ ရင်း
မြတ်ဗုဒ္ဓနှင့်တွေ့နေရာ ဗုဒ္ဓမှ
``သင်ချစ်သားတို့ဘာကိုရှာဖွေနေသနည်း´´ဟုမေးလေရာ အမျိုးသမီးတစ်ယောက်ပျောက်၍
လိုက်ရှာနေကြကြောင်းလျှောက်ထား၏။
`အမျိုးသမီးပျောက်နေခြင်းဟူသော အပြင်ဗာဟိဒ္ဓကာမဂုဏ်ငါးဖြာကို
ရှာဖွေနေခြင်းထက်၊ခန္ဓာကိုယ်တွင်း အဇ္ဈတ္ထကိုရှာ ဖွေခြင်းက
ပိုကောင်းမွန်သည့်ရှာဖွေနည်းအမှန်ဖြစ်ပါတယ်´ ဟုတရားဒေသနာတိုက်ကျွေးလေရာ
မင်းသားများပါလာသော လေး မြှားတို့ကို ပစ်ချလျှက် ဒူးထောက်အရိုသေပြုခါ
လူ့ဘောင်ကိုစွန့်ခွာသာသနာ့ဘောင်အတွင်းသို့ဝင်လျှက် ဧဟိ ဘိက္ခုရဟန်းပြုကြ
လေသည်။
ရဟန်းသုံးကျိပ်တို့သည် ပါဝါပြည်တွင်သီတင်းသုံးကြပြီး
မြတ်ဗုဒ္ဓအားဖူးမြော်ရန်အလိုငှာ သာဝတ္ထိသို့ကြွရောက်ကြရာ
ဝါဆိုချိန်မမှီသောကြောင့်လမ်းခုလပ် (၇)ယူဇနာသာဝေးတော့သော
သာကေတမြို့၌သာဝါဆိုခဲ့ရလေ၏။ ၀ါလကင်းလွတ် သီ တင်းကျွတ်သောအခါ
သာဝတ္ထိသို့ကြွရောက်ကြရာ လမ်းခရီးတွင်မိုးကြီးလေကြီး ရွာချ၍လမ်းများပျက်စီး
ရွှံ့ညွန်များ ပေကျံလျှက် မိုးရေစိုရွှဲခါသပိတ်ကိုလွယ်
နှစ်ထပ်သင်္ကန်းကိုသယ်ခါဆင်းရဲပင်းပန်းစွာလာရလေ၏။
မြတ်ဗုဒ္ဓထံသို့ရောက်သောအခါ ချစ်သားတို့ ကျန်းခန့်သာလို့မာရဲလား
လမ်းပန်းတသာရှိရဲ့လား မေးတော်မူရာ စလာ
သည်မှလမ်းခရီးအကြောင်းစုံလျှောက်ထားကြလေရာ မြတ်ဗုဒ္ဓသည်
ရေစိုသင်္ကန်းလေးလေးလံလံကြီး မသယ်ဆောင်ပဲသီတင်း
သုံးရန်နေရာတွင်ထားခဲ့နိုင်စေရန် သင်္ကန်းအတွက်မပင်မပန်းချမ်းသာစေရန်
ရည်ရွယ်၍ ကထိန်ကိုခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
ရဟန်းတော်များသည် တိစီဝရိတ်ခေါ်သော ဒုက္ကုဋ်နှစ်ထပ်သင်္ကန်း အပေါ်ရုံဧကသီ
ဝါးဝတ်သင်းပိုင် သုံးထည်နှင့် နှစ် တောင့်ထွာအပြင် ညကင်းပြီးဝေးကွာ၍မရ
ဝေးကွာနေရင် အပြစ်ဖြစ်သောကြောင့်သွားလေရာရာ ထိုသုံးထည်လုံးသယ်ဆောင်
သွားရမြဲဖြစ်သည်။
ကထိန်နိသင်၊ ငါးပါးတွင်၊ လေးအင်အကျိုးမှာ။
သီတင်းကျွတ်လ၊ တစ်လမျှ၊ ရကြတော့သည်သာ။
သုံးထည်သင်္ကန်း၊ ဆောင်ယူထမ်း၊ ပင်ပန်းဝန်လေးစွာ။
ဘဒ္ဒ၀ဂ္ဂီ၊ သုံးဆယ်ထေရ်၊ လာသည်ခဲယဉ်းစွာ။
ဘုရားထံမှောက်၊ စုံညီရောက်၊ မေးလျှောက်ပြီးသောခါ။
ထို့ကြောင့်နှိုင်းချိန်၊ မြတ်ဘုန်းရှိန်၊ ကထိန်ခွင့်ပြုပါ။(မဟာစည်ဆရာတော်)
ဒုတိယပိုင်းဆက်လက်ဖတ်ရှု့ပါရန်....
ချစ်ခင်လေးစားတန်ဖိုးထားလျှက်...
ပီတိ(ပေကြီး)
ဖတ်သွားပါတယ်
ReplyDelete