စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, December 12, 2012

တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)

တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၃)

ကျီးမနိုးပွဲမှာ အပျော်သက်သက်ကျီစယ်သောပွဲသာဖြစ်သည်။ သူခိုးနက္ခတ်နှင့်ယှဉ်သည်ဟုအယူအဆရှိသူတို့ ကသန်းခေါင်ကျော်အိပ်ပျော်နေချိန် အိမ်အပြင်တွင်ရှိသော လွယ်လင့်တကူသယ်ယူရသည့်ပစ္စည်းများကို ယူငင်လျှက် လမ်းလယ် တွင်ချထားကျီစယ်ကြသည်။ မနက်မိုးလင်းသည်နှင့်ပိုင်ရှင်များက မိမိတို့ပစ္စည်းအားပြန်လည်လာရောက်ရွေးယူကြရသည်။ စာရေးသူတို့တောရွာဘက်တွင် ပျိုမေတို့၏လုံချည်အိကျီင်္များအားကာလသားများကနောက်ပြောင်ယူခြင်းစခြင်းအလေ့အထများ ဘူးသီး ကျောက်ဖရုံသီး ကြက်များခိုး၍ ရွာလယ်တွင်ကာလသားချက် ချက်စားကြခြင်းအလေ့အထများရှိသည်။ ယခုနောက်ပိုင်း တွင်ပြဿနာ ဖြစ်ဖွယ်ကြုံရသောကြောင့်ထိုသို့ပြုလုပ်ခြင်းသိပ်မရှိတော့ချေ။ အထူးဆန်းဆုံးအရာတစ်ခု ရှိသည်မှာ ဘုန်းတော် ကြီးကျောင်းမှ သယ်ယူ၍နိုင်သော ရုပ်ပွားစေတီများအား ပင့်သယ်လာခဲ့ကြ၍ ရွာတွင်ငွေကြေးတင့်တင့်ရှိသော အိမ်များတွင် ပို့ ထားတတ်ကြသည်။ မနက်လင်းလို့ အိမ်တွင်ရုပ်ပွားပို့ထားခံရလျှင် ထိုအိမ်ရှင်မှ ဘုရားပွဲ ပန်းပွဲများဖြင့် ဆိုင်းဘုံသံညံလျှက် စည် စည်ကားကားကျောင်းတော်သို့ပြန်လည်ပို့ဆောင်ကြရသည်။ထို့သို့သောအကြောင်းများဖြင့်ကျီစယ်တတ်သောကြောင့်
ကျီးမနိုး ပွဲဟုခေါ်ဆိုရခြင်းဖြစ်သည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးထွန်းရခြင်းအကြောင်းရင်းမှာ ဖွင့်ဆိုအဓိပ္ပါယ်ယူကြပုံများလှသည်။ ကြတ္တိကာနက္ခတ် မီးနတ်ကိုပူဇော်ကြသည်ဟုလည်းဆိုကြသည်။ တာဝတိံသာနှင့် ဗြဟ္မာပြည်အကနိဌဘုံတို့တွင်တည်ရှိသော စူဠာမဏိစေတီတော် နှင့် ဒုဿစေတီကိုရည်မှန်းပူဇော်ကြခြင်းဖြစ်သည်ဟုဆိုကြပြန်သည်။အချို့ကမူ တန်ဆောင်မုန်းလပြည့်ည၌ အဇာတသတ်မင်း သည်မြတ်စွာဘုရားကိုဖူးမျှော်ရန်နန်းတော်မှကျောင်းတော်သို့သွားရာ တောရိပ်တောင်ရိပ်များကလူသွားလမ်းပေါ် ဖုံးအုပ်ကျ ရောက်နေသောကြောင့် လိုက်ပါလာသူအားလုံး မီးရှူး မီးပန်း မီးတိုင် တို့ကိုကိုယ်စီ ထွန်းညှိသွားရောက်ကြသည်။ မီးရှူးတိုင်အား ရှေးခေတ်ပေါရာဏအားဖြင့် တန်ဆောင်တိုင်ဟုခေါ်ဆိုသည်ကိုအကြောင်းပြုကာ တန်ဆောင်တန်ပွဲတော်ဖြစ်ပေါ်လာကြောင်းအ ဆိုပြုကြသည်။
မည်သို့ပင်ဆိုစေကာမူ တန်ဆောင်မုန်းလသည် ထူးကဲမွန်မြတ်သည့်သာသနာ့သွေးကြောအသက်နေ့ သံဃာ့နေ့လည်း ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် တန်ဆောင်မုန်းလပြည့်နေ့၌ အအဇာတသတ်မင်းအား မြတ်ဗုဒ္ဓမှ ရဟန်းပြုရကျိုးသာမညဖလ သုတ်ကိုဟောကြားတော်မူခဲ့ရာ အဇာတသတ်မင်းသည်သာသနာကိုသက်ဝင်ယုံကြည်ခါ မထမသင်္ဂါယနာတင်နိုင်ဖို့ များစွာလုံး လပြုခဲ့သောကြောင့်ဖြစ်သည်။
အဇာတသတ်မင်းသည်ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအားသတ်သည်မှစ မစားနိုင်မအိပ်နိုင်ရောဂါစွဲကပ်လာလေသည်။ ကြည်နူးဖွယ်ကောင်းသောတန်ဆောင်မုန်းညတစ်ည၀ယ် ပြဿာဒ်အပေါ်ထပ်၌အမတ်ပေါင်းခြံရံ ညီလာသဘင်ကျင်းပနေစဉ် အ မတ်ကြီးတို့အား ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုး၊ညစ်မျိုးငါးဝ၊ကင်းစင်လှတဲ့ ဤညဥ့်သည် (၁)ရမဏီယာ ၀တ-မွေ့လျော်ဖွယ်ကောင်း သောညပါတကား။(၂)အဘိရူပါ ၀တ- အလွန်လှပသော ညပါတကား။ (၃)ဒဿနီယာ ၀တ- ရှုဖွယ်ကောင်းသောညပါတကား။ (၄) ပါသာဒိကာ ၀တ- ကြည်လင်ရွှန်းပသော ညပါတကား။ (၅)လက္ခညာ ၀တ-မေ့မရနိုင်သော ညပါတကားဟူသောစကားငါး ခွန်းဖြင့်ချီးကျူးတော်မူ၍ ဒီနေ့ဝယ် ငါတို့သည်ဘယ်ဆရာကိုဆည်းကပ်လျှင်ပိုကြည်လင်ကြမည်နည်းဟုမေးတော်မူရာ တိတ္ထိဆ ရာကိုကြည်ညိုကြသောအမတ်များက တိတ္ထိခြောက်ယောက်တို့ကို ဆည်းကပ်ရန်လျှောက်ထားကြကုန်သည်။ ဆရာဇီဝကကမူ မြတ်စွာဘုရားအား ဆည်းကပ်ရန်လျှောက်ထားလေရာမြတ်စွာဘုရားထံသို့ဆည်းကပ်ရန် မီးရှူး မီးပန်း မီးတိုင်များထွန်းညှိလျှက် အခြံအရံပရိသတ်များဖြင့် သွားရောက်ကြလေသည်။
ထိုညချမ်းကာလ၀ယ် မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့အနီးရှိဇိဝကလှူဒါန်းထားသော သရက်ဥယျာဉ်၌  ၁၂၅၀ သော သံဃာများဖြင့် ငြိမ်သက်အေးချမ်းတိတ်ဆိတ်လှစွာ မျှတရွှင်ပြုံးသီတင်းသုံးနေ၏။ထိုသို့ တင့်တယ်ကြည်ညိုဖွယ် အသွင်ဖြင့် မြတ်စွာဘုရားအား ဘုရင်အဇာတသတ်တွေ့မြင်ဖူးမျှော်ရသည့်အခါ ၀မ်းသာပီတိလှိုင်လှိုင်ဖြစ် သဒ္ဓါတရားထပ်ထပ်ပွားကာ ရဟန်း ပြုရခြင်း၏ရရှိနိုင်သောအကျိုးတရားတို့ကိုမေးလျှောက်လေသည်။

သာမညဖလ ဟောသည့်ည
ထိုအခါမြတ်စွာဘုရားက သာမညဖလသုတ္တန်ဟုခေါ်သောရဟန်းပြုရာတွင်ရရှိနိုင်သောအကျိုးတရားများအားအောက်ပါ အတိုင်းဟောတော်မူ၏။
၁။ မင်းမှုထမ်းသည် ရဟန်းပြုပြီး ကောင်းမွန်စွာ သာသနာ့တာဝန်ကို ထမ်းဆောင်နေပါမူ မင်းပြစ်မင်းဒဏ်မှ လွတ်လျက် မင်းနှင့်တကွသောလူတို့၏ ရှိခိုးဦးချမှုကိုခံယူရကာ ပစ္စည်းလေးပါးလှူဒါန်းမှုကိုလည်းခံယူရခြင်းအကျိုး။
၂။အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်းအကျိုး။
၃။ရဟန်းတော်တို့ စောင့်ထိန်းရမည့်သိက္ခာပုဒ်ဟူသော ပါတိမောက္ခသံဝရသီလနှင့်ပြည့်စုံခဲ့သော် အပါယ်လေးပါးမှကင်း လွတ်ခြင်းဟူသော အကျိုး။
၎။ဒုစရိုက် အမှုတို့မှ ရှောင်ကြဉ်ခြင်းနှင့် တံစိုးလက်ဆောင်ယူကာ လာဘ်စားခြင်း၊ ဆေးဝါးမန္တရား၊ မျက်လှည့်များဖြင့် လှည့်စားခြင်းဟူသောကောက်ကျစ်စဉ်းလဲခြင်းစသည်မှရှောင်ကြဉ်ခြင်း စသောစူဠသီလနှင့်ပြည့်စုံခဲ့သော် အပြစ်မရှိ မကဲ့ရဲ့အပ်ရ ကား နှစ်သက်ဝမ်းမြောက်မှုပီတိ၊ ငြိမ်းအေးမှုပဿဒ္ဓိတို့ခြံရံအပ်သော ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းအကျိုး။
၅။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊မကောင်းသည့်စကားအမျိုးမျိုးတို့ကိုပြုလုပ်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း စသော မစ္ဇျိမသီလနှင့်ပြည့်စုံခဲ့သော်အပြစ်မရှိ မကဲ့ရဲ့အပ်ရကားနှစ်သက်ဝမ်းမြောက်မှုပီတိ၊ငြိမ်းအေးမှု ပဿဒ္ဓိတို့ခြံရံအပ်သော ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းအကျိုး။
၆။နက္ခတ်ဗေဒင်၊ ယတြာ၊လက္ခဏာ၊ဂါထာမန္တန်မန်းမှုတ်ခြင်းရှောင်ကြဉ်ခြင်းစသော မဟာသီလနှင့်ပြည့်စုံခဲ့သော်အပြစ် မရှိမကဲ့ရဲ့အပ်ရကား နှစ်သက်ဝမ်းမြောက်မှုပီတိ၊ငြိမ်းအေးမှုပဿဒ္ဓိတို့ခြံရံအပ်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းအကျိုး။
၇။ဣနြေ္ဒခြောက်ပါးတို့ဖြင့်မြင်၊ကြား၊နံ၊လျက်၊တွေ့ထိသောအခါ စိတ်ဖြင့်ပြုသောအခါတို့၌အကုသိုလ် မဖြစ်စေနိုင်အောင် စောင့်စည်းသောဣန္ဒြိယသံဝရသီလနှင့်ပြည့်စုံခဲ့သော် ကိလေသာအညစ်တို့ ရောနှောခြင်းမရှိစင်ကြယ်သော အဓိစိတ္တ၊သမာဓိ ချမ်းသာကိုခံစားရခြင်းအကျိုး။
၈။သွားလာလှုပ်ရှား လုပ်ကိုင်ခြင်းအစရှိသည့်အလုပ်ကိစ္စဟူသမျှတို့၌သတိရှိလျက်ဉာဏ်ဖြင့်ပိုင်းခြား၍သိရခြင်းဟူသော သတိသမ္ပဇဉ်နှင့်ပြည့်စုံခြင်းအကျိုး။
၉။ပစ္စည်းလေးပါးတို့၌ ရသမျှဖြင့် ရောင့်ရဲတင်းတိမ်နိုင်သော သန္တောသနှင့်ပြည့်စုံရခြင်းအကျိုး။
၁၀။မျက်စိစသောဣနြေ္ဒတို့ကို စောင့်စည်းခြင်း။အရာရာသတိဖြင့်မှတ် ၊ဉာဏ်ဖြင့်ပိုင်းခြားရောင့်ရဲတင်းတိမ်နိုင်ခြင်းကြောင့် နီဝရဏငါးပါးတို့ကင်းလျှက်ပီတိ ပဿဒ္ဓိတို့ခြံရံအပ်သောကိုယ်စိတ်နှစ်ဖြာချမ်းသာရသောမသာဓိအလွန်တည်ကြည်ရခြင် အကျိုး။
၁၁။သမာဓိအလွန်တည်ကြည်သောကြောင့် ပထမဈာန်အစရှိသော ဈာန်တရားများကိုရခြင်းအကျိုး။
၁၂။နောက်ဆုံးဉာဏ်စဉ်ဆယ်ပါး မြတ်တရားတို့ကို ရရှိနိုင်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ရောက်နိုင် ခြင်းအကျိုးစသည်တို့ကိုဟောကြေားတော်မူရာ အဇာတသတ်မင်းအလွန်နှစ်သက်လျှက် ဗုဒ္ဓဘာသာအဖြစ်ခံယူခါ တပည့်တော် သည်မကောင်းသူနှင့်ပေါင်းမိခါ မိုက်မဲတွေဝေမလိမ္မာသဖြင့် ခမည်းတော်ကိုပင်သတ်မိပါသည်။သည်းခံခွင့်လွှတ်တော်မူပါဘုရား ဟုကန်တော့တောင်းပန်လေတော့သည်။
ထိုနေ့ကိုအမှတ်ရသောအားဖြင့် သာမညဖလအခါတော်နေ့ဟုခေါ်ဆိုသတ်မှတ်ပြုလုပ်ကြခြင်းဖြစ်ပါသည်။ အဇာတသတ် မင်းသည် ဖခင်ကိုသတ်မိသောကြောင့် သာမညဖလသုတ်တော်နာပြီးသောအခါ သောတာပတ္တိမဂ်ရမည့်အခွင့်အရေးနှင့် ကင်း ဝေးခဲ့ရသည်။သို့သော် စားမ၀င်အိပ်မပျော် ရောဂါဝေဒနာများကင်းပျောက်လျှက် ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင်ရတနာမြတ်သုံးပါးကို အ ကြည်ညိုဆုံးအဖြစ်မှတ်တမ်းတင်ခံခဲ့ရခြင်း ၊အပြစ်ကြီးသော မဟာအ၀ီစိငရဲမခံရတော့ပဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲတွင်သာ ခံရခြင်း နောက်အနာဂါတ်၌ ၀ိဇိတာဝီ အမည်ရ ပစ္စေကဗုဒ္ဓါဖြစ်ရခြင်းအကျိုးတရားများကို ရရှိခံစားရမည်ဖြစ်သည်။
အနာဂါတ်သာသနာတော်ကြီးယခုလို တည်တံ့ခိုင်မြဲအောင် သာသနာတော်ကိုအသက်ပေးစောင့်ရှောက်ခဲ့ပြီး ပထမ သင်္ဂါယနာ တင်ပွဲကြီးဖြစ်မြောက်အောင်ကူညီဆောင်ရွက်လျှက် ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျလည်းသတ်မှတ်ပေး တော်မူခဲ့သည်။ ထိုကြောင့်တန်ဆောင်မုန်းလပြည့်နေ့သည်အလွန်မွန်မြတ်လှသည့် သာသနာ့အသက်သွေးကိုမွေးဖွားပေးသော နေ့ရဟန်းပြုရကျိုးများဟောကြားခဲ့သောနေ့ဖြစ်သောကြောင့်ရဟန်းတော်များနေ့လည်းဖြစ်သည်။ တနည်းသာမညဖလနေ့အခါ တော်လည်း ဖြစ်ပြန်သည်။ထိုသာမညဖလသုတ်တော်ကြောင့်ပင် ဗုဒ္ဓသာသနာတော်ကြီး ဆဌသင်္ဂါယနာတိုင်တင်ခဲ့ပြီး နေလို လလိုထွန်းလင်း တောက်ပ စွာတည်မြဲနေခြင်းဖြစ်သည်။ ထို့ကြောင့်ပင်သာမညဖလအခါတော်နေ့မြတ်၌ သာမညဖလနေ့ သိမှတ်ဖွယ်ရာများ ပြောကြားကြခြင်း ။သံဃာ့ကျေးဇူးများကို ရွက်ဆိုကြခြင်း။သာမညဖလသုတ်တော်ကိုရွက်ဆိုကြခြင်း ။အဇာတ သတ်မင်းအကြောင်းသိကောင်းစရာများကိုဟောပြောကြခြင်းအားဖြင့် လတန်ဆောင်မုန်းကျက်သရေဖုံးအောင် ပြုလုပ်ပူဇော် ကြလေတော့သည်။
သာမညနော် ဒေသနာဖလကို၊ သေချာကျန လေ့လာကွယ်။
သံဃာတော်ကို အထင်မသေးနဲ့၊ အစဉ်တွေးလို့ ပူဇော်မယ်။
သာသနာတော် တိမ်းကာမမှောက်အောင်၊ ထိန်းကာစောင့်ရှောက်ရှေ့ဆောင်တယ်။
တပည့်ဒကာတွေ လမ်းမှန်ရဖို့ ၊ကျမ်းဂန်ပြလို့ ဆုံးမတယ်။
ကောင်းမှုပြုရာ မြေယာကြီးလို၊ စေတနာတစ်နည်းနဲ့ တို့အပေါ်ဝယ်။
ပစ္စုပ်သံသရာ နှစ်ဝအကျိုးကို၊ အနှစ်တိုးလို့ များစေတယ်။
ကျေးဇူးတွေကို ချေကာမဖျက်ဖို့ ၊ စေတနာဖက်လို့ နှိုးဆော်တယ်။
မြတ်သံဃာအား ဦးထိပ်ထား၊ ညွှတ်ထွားပူဇော်မယ်။
အဲဒါကြောင့် သံဃာ့ကျေးဇူး အထူးသိစေကွယ်။
                                                အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်….
                                                                                                    ပီတိ(ပေကြီး)

ကျမ်းကိုးစာရင်း- ၁။ အခါတော်နေ့ရက်များ(မာဂဓီ-သာစည်)။ ၂။စာရေးသူကိုယ်တွေ့အတွေ့အကြုံများ။၃။ရွှေစကားနှင့် ရွှေတရား(ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ)။၎။ သာသနာရေးအဟောအပြော(မုံရွာနေဇာ)။၅။ဆောင်းပါးပေါင်းချုပ် (အရှင်သုဇနပဏ္ဍိတ) ၆။တစ်ဆယ့်နှစ်လရာသီစာစီစာကုံးများ(ဒေါ်နုကြည်-မဟာဝိဇ္ဇာ)၇။ အင်တာနက်ဘလော့များနှင့် သတင်းစာဂျာနယ် မဂ္ဂဇင်း ဆောင်းပါးများ။

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks