၇.၃.၂၀၁၄နေ့မှာ
လာအိုနိုင်ငံ တုံဖုံမြို့တော်
ဝှေ့ဆိုင်း မြို့နယ်(ဒေသ)မှာရှိတဲ့
တရုပ်သူဌေးပိုင် ကာစီနို (ကမ္ဘာလုံး)ကုမ္မဏီကြီးအား အမှီသဟဲ ပြုခါ ဘ၀၀မ်းစာရေးအတွက်ရေကြည်ရာမြတ်နုရာ
ရှုာဖွေ လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများနေထိုင်ရာ ရခိုင်ရွာသို့ စာပေချစ်သူများအဖွဲ့ဆရာတော် အရှင်စန္ဒကုမာရ(ရွှေတြိဂံ)ဧ။် မိဘကျေးဇူးဆပ်အထူးတရားပွဲ
ကို ဆရာတော်နဲ့အတူစာရေးသူလဲ လိုက်ပါ သွားခဲ့ပါတယ်။
ဆရာတော်ကြီးများရဲ့ဟောကြားချက်များအရ နိုင်ငံခြားတရားပွဲဆိုသည်မှာ ပရိသတ်အများကြီး
မရှိကြောင်း လူအယောက်နှစ်ဆယ် သုံးဆယ် တစ်ရာ လောက်သာရှိတယ် မြန်မာနိုင်ငံလို ထောင်ချီ သောင်းချီ သိန်းချီ မရှိဘူး လို့ကြားဖူးခဲ့ပေမယ့်။ လာအိုနိုင်ငံရှိရခိုင်ရွာတရားပွဲလေးကတော့
ပြင်ပမှာ ဖြစ်ပေမယ့် ၀မ်းသာကြည်နူးမဆုံးအောင် လူပေါင်းတစ်ထောင်ကျော် နဲ့ မြန်မာနိုင်ငံအတွင်းက တရားပွဲများလို အကြိုအပိုသာသနာ့အလံများနဲ့စည်စည်ကားကားတွေ့ရှိရပါတယ်
ထိုကဲ့သို့ပရိသတ်များစွာရှိရခြင်းအကြောင်းရင်းမှာ လာအိုနိုင်ငံသည်
ဗုဒဘာသာနိုင်ငံဖြစ်ခြင်း ကြောင့် တစ်ကြောင်း မြန်မာနိုင်ငံမှလာရောက်ကြသည့်အလုပ်သမားပေါင်း တစ်သောင်းကျော်ရှိသည်က တစ်ကြောင်း
ကြောင့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားများ
များသောကြောင့် ရခိုင်ရွာဟူသောအိမ်ခြေတစ်ထောင်ရှိရွာကြီးတစ်ရွာဖြစ်လာတဲ့ အထိပါပဲ ယခင်က
ရခိုင်လူမျိုးများ အများစု လာရောက်နေထိုင်လုပ်ကိုင်ကြသောကြောင့် ရခိုင်ရွာခေါ် ဆိုရကြောင်းသိရပြီး ယခုအခါ မြန်မာများ ပေါလာသောကြောင့်မြန်မာရွာဟု လည်းခေါ်သည်ဟုသိရပါတယ်။
ထိုသို့မြန်မာအများစုနေထိုင်ရွာ
ရခိုင်ရွာကြီးအဖြစ်ရှိနေသောကြောင့် တရားနာပရိသတ် တစ်ထောင် ကျော်နဲ့စည်စည်ကားကားပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင်အားရနှစ်သက်ပီတိဖြစ်စရာကောင်းသည်မှာ မြန်မာလူငယ်များကဘာသာတရား ကိုင်းရှိုင်း
သည်အားလျှော်စွာ သာရေးနာရေး အသင်းအဖွဲ့များ ဖွဲ့ထားသည်ကိုတွေ့ရပါတယ်။ လာအိုနိုင်ငံရောက်
မြန်မာလူငယ်ပရဟိတအသင်း ၊ သာသနာ့ဂုဏ်ရောင်(၉၆၉)အသင်း၊ နှင့်
အဖွဲ့အစည်းဝင်မဟုတ်သော စေတနာရှင်လူငယ်များစွာတို့က သာရေး နာရေးများကို ဦးဆောင် လုပ်ကိုင်နေကြတာကို ဂုဏ်ယူဝမ်းမြောက်
စွာတွေ့မြင်ခဲ့ရပါတယ်။
ယခုဆရာတော် အရှင်စန္ဒကုမာရ(ရွှေတြိဂံ)ဧ။် မိဘကျေးဇူးဆပ်အထူးဓမ္မသဘင်ကိုတော့ လာအို
နိုင်ငံကို ရောက်ရှိနေသော ဆရာတော်ဧ။် ရဟန်းဒါယကါ(ဦးသန်းနိုင်ဝင်း)+ရဟန်းအမဒေါ်နန်းလွင်သား ကိုသီဟ၊ ကိုနန္ဒတို့မိသားစုတို့က ဓမ္မဒါနအဖြစ်ဆင်ယင်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
တရားပွဲသုံးရက်ဆက်တိုက်
ကျင်းပတဲ့နောက်ဆုံးည ရေစက်ချအပြီးမှာ တရားပွဲကို လာရောက် တရားနာသူများအား ဗုဒရုပ်ပွားဆင်းတုတော် ၁၁၁ ဆူတိတိကို မဲဖောက်လှူဒါန်းပေးခဲ့သည်မှာအံ့မခန်းဖြစ်ရ
ပါတယ်။ ပြည်ပရောက်မြန်မာအားအတွက် ဘာသာတရားမှာ အားမနည်းရအောင်အထောက်အကူ များစွာ ဖြစ်စေခဲ့ပါတယ်။ ယခင်နှစ်များကလဲ ဆရာတော်အားပင့်လျှောက်တရားနာကာ ယခုကဲ့သို့ရုပ်ပွားတော်များ မဲဖောက်လှူဒါန်းဖူးကြောင်းသိခဲ့ရပါတယ်။
သတို့မိသားစုဟာ လာအိုနိုင်ငံ ရခိုင်ရွာမှာတော့ စံပြမိသားစုများဖြစ်ခဲ့ကြပါတယ်။
အဘယ့်ကြောင့် ဆိုသော် သူတို့မိသားစုကြောင့်မြန်မာဆရာတော်များ ရခိုင်ရွာသို့စတင်ကြွရောက်သာသနာပြုနိုင်ခဲ့တာ
ဖြစ်ပါတယ်။ လာအိုနိုင်ငံ ရခိုင်ရွာသို့ရောက်ရှိလာကြသော မြန်မာအများဟာ ယခင်က မြန်မာ ထေရ၀ါဒရဟန်းစစ်စစ်များကိုဖူးခွင့်
မရခဲ့ပါဘူး။ ပြင်ပဆိုသည်မှာ အပျော်အပါး အလောင်းအစား မူးရစ်သေစာ ပေါများသည် အားလျှော်စွာ ဘ၀ပျက်ကို်ယ်ကျင့်တရားပျက် နဲ့ ဘာသာသာသနာနှင့်ကင်းဝေးကာ ဘုရားမေ့
တရားမေ့ သံဃာမေ့ကာ နေနေခဲ့ကြရပါတယ်။
ထိုအခြေအနေမှာ ဆရာတော်စန္ဒကုမာရ(ရွှေတြိဂံ) ပင့်ဆောင်၍ တရားပွဲများပြုလုပ်ပေးရာက မြန်မာနိုင်ငံသားများ
သာသနာနဲ့စတင်ထိတွေ့ခွင့်ရလာခဲ့ပြီး
ဘာသာတရားကိုင်းရှိုင်းကြကာ ဘ၀ရဲ့ အထိန်း အကွပ်များစွာရှိခဲ့ခြင်းဖြစ်ပါတယ်။
ရခိုင်ရွာသူရွာသားများနှင့် မြန်မာ နိုင်ငံသားအားလုံးဟာ ဆရာတော်အား ကြည်ညိုသည်အားလျှော်စွာ
အခက်အခဲအပိတ်အပင်တွေကြားမှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဆောက်လုပ်လှူဒါန်းနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဘုန်းတော်းကြီးကျောင်းလေးဟာ ရရာတိုင်ကို စုပြီး ငါးထပ်သားများကို
အကာအခင်း ပြုလုပ်ပြီး ဖြစ်ကတတ်ဆန်းပြုလုပ်ဆောက်လှူပေးခဲ့ရပေမယ့် မြန်မာနိုင်ငံသားတို့အတွက် အကျိုးကျေးဇူးအနန္တကို ရရှိစေခဲ့ပါတယ်။
ရခိုင်ရွာသို့ရောက်ရှိနေကြသော မြန်မာများမှာ မိသားစုလိုက်ပြောင်းရွေ့လုပ်ကိုင်ကြသူ
များစွာပါဝင်ကြရာ ကလေးငယ်များရဲ့ပညာရေး
ရင်လေးဖွယ်ရာနဲ့ တွေ့ကြုံနေရပါတယ်။
ဒီအခက်အခဲအတွက်
အရှင်စန္ဒကုမာရ(ရွှေတြိဂံ) ဆရာတော်ဘုရားမှ
ဆောက်လုပ်လှူဒါန်းထားသော ကျောင်းတော်ရာတွင် အမြဲသီတင်းမသုံးနိုင်သော်ငြား အချိန်ရရင်
ရသလောက် လအပိုင်းအခြားဖြစ် လာရောက် သီတင်းသုံးနေထိုင်ကာ ခုံတန်းလေးများရိုက်ခါ မြန်မာကလေးငယ်လေးများအား ရေးတတ်ဖတ်တတ် နားလည်တတ်လေအောင် ဘာသာယဉ်ကျေးမှုနှင့်
အခြေခံပညာရေးများကိုသင်ကြားပေးခဲ့ပါတယ်။
ဆရာတော်မှထိုသို့အစပြုခဲ့ရာ
ယခုနှစ်တွင်ဆရာမတစ်ဦးအားငှား၍ ဘုန်းတော်ကြီးကျောင်းမှာ ကလေးများကို ပညာများဆက်လက်သင်ကြားပေးနိုင်ခဲ့ပါတယ်။
ဆရာတော်ကြွလာလျှင် ဘုန်းတော်ကြီးကျောင်း အဖြစ် သီတင်းသုံးနေထိုင်ရသလို ဆရာတော်ပြန်ကြွသွားသောအခါ
စာသင်ကျောင်းဆောင်အဖြစ် အသုံးပြုခွင့်ရရှိခဲ့ကြပါတယ်။
အခြားသောမြန်မာနိုင်ငံအတွင်းမှကြွရောက်လာကြတဲ့ဓမ္မကထိက
ဆရာတော်များအားလဲ ထိုကျောင်း တော်ရာလေးမှာသာသီတင်းသုံးနေစေတော်မြူပီး ရခိုင်ရွာသူရွာသားများက ဆွမ်းများဆက်ကပ်ခြင်း အလှူအတန်းပြုလုပ်ကြခြင်းများ လက်လွတ်မခံပဲပြုလုပ်ကြပါတယ်။ လူငယ်လေးများကလဲ
အလုပ်ပြီးတာနဲ့ ကျောင်းတော်သို့လာရောက်ဝေယျာဝစ္စလုပ်ရင်း ဆရာတော်ဘုရားအားအဖော်ပြုစောင့်အိပ်ကြပါတယ်။ကိုယ့်ရွာ
ကိုယ့်ဒေသ ကိုယ့်ကျောင်းမှာသီတင်းသုံးနေထိုင်ရသည်နှင့်မခြားနားစွာကို လိုလေးသေးမရှိ
တက်တက်ကြွကြွ ထက်ထက်သန်သန်ပြုလုပ်ကြပါတယ်။
- ထိုသို့သောမြန်မာလူမျိုးများအတွင် ဘာသာရေး ပညာရေး လူမှုရေးများစွာ ဖြစ်ထွန်းစေခဲ့သော ကျောင်းကလေးဧ။်ရှေ့တည့်တည့်မှာ ၀ါးရုံပင်တစ်ပင်ရှိတာကြောင့် ဝေဠုဝန်ကျောင်းတော်ဟုခေါ်ဆိုရပြီး ထိုကျောင်းလေးဖြစ်ပေါ်လာစေဖို့ ရခိုင်ရွာသူရွာသားများ ဘာသာ သာသနာနှင့် ထိတွေ့ခွင့်ရဖို့ စတင်ဦးဆောင် အဖက်ဖက်က သဒါတရားထက်သန်စွာပြုလုပ်လှူဒါန်းခဲ့သော ဦးသန်းနိုင်ဝင်း+ဒေါ်နန်းလွင် တို့မိသားစုကိုတော့ အားလုံးရဲ့မိခင်ဖခင် အဖြစ် နာမည်တွင်စေခဲ့ပါတယ်။ လူတိုင်းကလဲ လေးစား မြတ်နိုးတာကိုတွေ့ရပါတယ်။
စာပေချစ်သူများအဖွဲ့ဆရာတော်
အရှင်စန္ဒကုမာရ(ရွှေတြိဂံ)ဆရာတော်ကိုတော့
ကျောင်းထိုင် ဆရာတော် ဘာသာသာသနာ ကိုထွန်းလင်းစေခဲ့သော နေမင်းလမင်း တစ်ဆူအဖြစ် ကိုးကွယ် တော်မူကြပါတယ်။ ဆရာတော်
ဘုရားအား အမြဲကျောင်းထိုင်ဆရာတော်အဖြစ် သတ်မှတ်ထားသော် လည်း ဆရာတော်မှာ ပညာသင်ကြားရင်း
သာနာပြုတာဝန်အရ ဦးသန်းနိုင်ဝင်း+ဒေါ်နန်းလွင်မိသားစု တို့နှင့်တွေ့ကြုံကာ အခက်အခဲတွေကြားမှ ကြိုးစားကာ ဘာသာသာသနာ
ပညာပါထွန်းလင်းအောင် လုပ်ဆောင်နေရသော်လည်း မပြီးပြတ်သေးသည့် ပညာရေးကြောင့် အိန္ဒိယနိုင်ငံမှာ
ဒေါက်တာဘွဲ့ကို ဆက်လက်ဆည်းပူးနေရဆဲဖြစ်ပါတယ်။
အားလုံးပြင်ပရောက်မြန်မာ
များအား စာနာစွာသာသနာပြုနိုင်ကြဖို့ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
ခရီးစဉ်တစ်လျှောက် အခက်အခဲများအတွေ့အကြုံအဖုံဖုံအစအဆုံးကို ခရီးသွားဆောင်းပါးအဖြစ်
ထပ်မံဖော်ပြ ရေးသားသွားပါ့မယ်။ ဒီမှာတော့အမြည်းမျှဖြင့်ကျေနပ်ကြမယ်မျှော်လင့်ပါတယ်။
သာသနာရောင်ဝါ၊ရခိုင်ရွာ၊
ထွန်းကာလင်းနေပြီ
နိုင်ငံစုံရောက်၊
သာသနာပျောက်၊ စိုးကြောက်ဘ၀သည်
အမှောင်ကင်းပျောက်၊
လမ်းမှန်ရောက်၊ ထွန်းတောက်သာဘာတည်စေမည်။
ပြည်ပမြန်မာများ၊
ရခိုင်ရွာအား၊ တုများလိုက်ဖို့လိုလှပြီ
သို့မှဘ၀၊ ထာဝရ၊ဒိဌ
သာယာမည်။ ပီတိ(ပေကြီး)
No comments:
Post a Comment