စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Thursday, December 18, 2014

စစ်တပ်ထံမြှုပ်နှံလိုက်ရသည့်အနာဂတ်များ

စစ်တပ်ထံမြှုပ်နှံလိုက်ရသည့်အနာဂတ်များ







ကန့်ဘလူမြေပြသနာ
ဟုတ်တယ် အဲဒီမှာကျွန်တော့်ရွာကပေကြီး
ပါသွားတဲ့မြေကြီးကဧက၁၃၀၀၀ကျော်
ဘ၀တွေနံစော်ခဲ့တယ်။


ပထမအချီသိမ်းခံရတော့ ကျွန်တော်မသိ
၁၉၉၉ခုနှစ်ဒုတိယအချီသိမ်းခံရတော့
လူ့ဘ၀မှာကျွန်တော်သိတတ်စအရွယ်
အမေနဲ့အဖေမျက်ရည်တွေဖလှယ်ခဲ့ကြ
ရွာကလူတွေထောင်ကျသူကျ
အမှောင်ကျသူကျ ဖရိုဖရဲ

ရွာလည်းပြိုကွဲ ကျောင်းမတက်နိုင်သူတွေ
မနည်း။

ဘ၀ကိုအခါးကြားမှာစတေးခဲ့တယ်
အမှားမများပါပဲ အပြစ်ရှာခံရ
ယာမြေထဲကတဲ တစ်ပတ်အတွင်း
ဖယ်ပေးကြ မဖယ်ရင်အဆုံးပဲဆိုတော့
နေအိမ်တဲတွေမြေကတူးပေါ်ချိန်မရ
ရသမျှကိုလွှနဲ့ဖြတ်ခဲ့ရတယ်။

ဒီလိုနဲ့အသိုက်ကွဲဘ၀တွေ
ရေကြည်ရာမြက်နုရာရှာကြ အလုပ်ရှင်မှ အလုပ်သမားဘ၀။
သူတို့က တပ်မတော်ကြံစိုက်ပျိုးရေးတပ်တဲ့
အံ့ပါ့ စစ်သားကကြံစိုက်ပျိုးရေးလုပ်သတဲ့
အဲဒီကရတဲ့အမြတ်ဘယ်တွေမှာသွားအပ်ကြသလဲ
ကိုယ့်စီးပွားကိုယ်လုပ်တာခြင်းတူ
ပြည့်ဘဏ္ဍာကလစာပေးရသတဲ့လား။

သေနတ်ကိုင်နေတဲ့လက်တွေဥတုမသိ
ဓားအရှိနဲ့ဦးနှောက်တွေဗြောင်းဆန်ကြ
လက်တွေ့ဟာစာတွေ့လောက်မလွယ်ဘူး
ဆိုတာသိကြတဲ့အခါ
အချို့ယာကိုအစုစားအဖြစ်တောင်သူထံ ပြန်ငှါးကြ
 အော်ဘ၀ဘ၀ယာရှင်ကအငှါးဖြစ်လို့။

ဒါကလည်းဟုတ်တိပတ်တ်မဖြစ်
အမှတ် ၁ ကန့်ဘလူသကြားစက်
ဗိုလ်တေဇတို့လက်ဝှက်မှာ အယက်ကန်ခံပြန်ရ။
တန်ချိန်ခိုးခံရ ဈေးနှိမ်ခံရ
တစ်နှစ်က လုံးဝကိုကြံတွေမသိမ်းလို့
စရိတ်စက အိမ်ကနွားမလေးပေါ်ရတဲ့ဘ၀။

ွပွင့်လင်းမြင်သာလာတော့
 နှစ်ပေါင်းများစွာအနှိမ်ခံဘဝ
 ထောင်ချ သေနတ်ပစ်
ခပ်နစ်နစ်လေးယုတ်မာ ထားတော့
 နလန်တွေမထူခဲ့ကြတာ။

ငါတို့မှာအတိတ်တွေရှိတယ်
အနာဂတ်တွေရှိတယ်
ခုပစ္စုပ္ပန်မှာတကယ်လာကြည့်
အင်္ဂလိပ်ခေတ်တည်းက
 မြေခွန်ဆောင်ပြေစာတွေရှိတယ်။

ခံပြင်းချက်တွေအုံကြွ
သမ္မတဖြေရှင်းမပေးတဲ့ပြသနာ
 တညီတညာဆန္ဒပြ
ထွန်းတုံးတိုက်ပွဲတွေဆင်နွှဲကြ
အဲဒီမှာစတာက ပြည့်ရိက္ခာရှာပေးတဲ့
တောင်သူကိုသေနတ်နဲ့ပစ်ကြ
ကုလားကြသူ့ပထွေးလို ယုယ
အော် လောကလောက။

တရားစွဲခံတောင်သူ၃၀၀ကျော်
ထောင်ကျတာက၅၀ကျော် တရားစွဲခံတောင်သူများဟာ ပိုင်ရှင်ဖြစ်ပြီး
စစ်တပ်အမိန့်ရဖမ်းရခြင်းဖြစ်ကြောင်း
တရားသူကြီးကောင်းကတော့ပြောရဲ့
ဒါပေမယ့်အနဲ့အနဲ့ပါပဲလေ။

ယာမြေမဲ့လို့ အငှါးလိုက်ကြွေးသူ လင်သား စုတွေထောင်ကျ။
မိသားစုတွေတော့ငိုင်ကြ ငေါင်ကြ
ပညာရေးထက်စားရေးကိုဦးစားပေးရ
 ကျွန်တော်ကိုယ်တိုင်အတန်းပညာ ငတ်ခဲ့တဲ့ဘ၀ပါ။

ခု တောင်သူတွေထောင်ကျတော့
မိသားစုဘ၀တွေဘယ်အာဏာပိုင်က
ထောက်ပံ့ခဲ့လဲ။
TVမှာအယောင်ပြ
သတင်းစာမှာသူပုန်ထကလွဲပြီး
မင်းတို့ဆီမှာ စာနာစိတ်တွေ
ဆိတ်သုဉ်း နေခဲ့တာကြာပြီ။

တိုးတက်တဲ့နိုင်ငံဆိုတာ
နိုင်ငံရဲ့အခြေခံစားနပ်ရိက္ခာရှာပေးတဲ့
တောင်သူကိုပံ့ပိုးမှရမယ်။

ခုကတစ်ကိုယ်ကောင်းပြီး
အများမထောင်းသာစနစ်နဲ့
ပစ္စလက္ခတ်နာကျငိနေရတာ
တောင်သူတွေပါ။

တစ်ဘ၀လုံးနေပူထဲမှာမြှုပ်ထားရတဲ့ဘ၀တွေ
 သွေးချွေးနဲ့ရောနေတဲ့လယ်ရေတွေ
 အနှစ်ချုပ်လိုက်တော့ အကြွေးကရလာဒ်
ဖြစ်လာခဲ့တယ်။
ဒါတွေဘယ်လိုဖြေရှင်း ပေးမလဲ။

ဒါတွေဘယ်လိုဖြေရှင်းပေးမလဲ
မေးလို့မဆုံးခင်မှာပဲ
တောင်သူတွေကိုအနားပေးလိုက်တယ်
 ယာမြေကိုတပ်ကသိမ်းသတဲ့။

မကျေနပ်လို့စောဒကတက်တော့
 ထောင်ချ သဘာဝတော့ကျပါတယ်။

ထောင်ကလူတွေက ထောင်ကကျွေးတဲ့
လုံးကြမ်းကွဲစားရဦးမယ်။
ကျန်နေခဲ့သူတွေက
အလုပ်လက်မဲ့ စားရမဲ့မဲ့တကယ့်ကို
 ဗိုက်မှောက်နေရပြီ။

မြန်မာဆိုတာ
ဆင်းရဲပါသည်ဆိုမှ တက်နင်း
ဝမ်းချိနေပါတယ်ဆိုမှ ဂုတ်သွေးစုတ်
ရွှေကိုဖိနပ်လုပ်စီး ကျောက်ကိုဆောက်လုပ်ပြီးနေတဲ့
အိမ်ရှင်တွေက
 လကမီး
အိမ်က သစ်ပင်
အခင်းကမြေ
ဒီလိုနေနေရသူတွေ ဆီက
တောင်းစားတဲ့နိုင်ငံပါဗျာ။

ခင်ဗျားတို့ကိုပေးနိုင်ဖို့
ကိုယ့်မြေလေးကိုလုပ်ခွင့်ပေးပါ။
ခင်ဗျားတို့ ကျွေးနိုင်ဖို့
ကိုယ့်ဝမ်းလေးကိုယ် ဖြည့်ခွင့်ပေးပါ။
ခင်ဗျားတို့ခေါ်လာတဲ့
တရုတ်တွေ ကုလားတွေ
ထိုင်းတွေက ကျုပ်တို့ဘ၀တွေကို
လှုပ်မရအောင်သပ်ရိုက်နေသူတွေပါ။

ခင်ဗျားတို့ဇာတ်ညွှန်းရေးခဲ့တဲ့
ဆင်းရဲခြင်းစိတ္တဇတွေကြောင့်
ကျုပ်အဖေလည်းသေခဲ့ရပြီ
ကျုပ်မြေလည်းကြွေခဲ့ရပြီ
ကျုပ်အမျိုးတွေလည်းနေခဲ့ရပြီိ(ထောင်ထဲ)
ထားတော့ဒီအတွက်ဘာမှမပြောလိုဘူး။

ကျုပ်အခုပြောချင်တာက
ကျုပ်တို့အောက်က ညီငယ်ညီမငယ်လေးတွေ
အနာဂတ်မျိုးဆက်လေးတွေ
နားမျက်စိတွေအပိတ်မခံစေချင်ဘူး
အညွှန့်တွေအချိုးမခံရစေချင်ဘူး
အငတ်တွေမဖြစ်စေချင်ဘူး။

အနာဂတ်လူငယ်တွေ
အနာဂတ်မပျောက်ရင်
ခင်ဗျားတို့မိုက်ရူးရဲခဲ့သမျှ ခွင့်လွှတ်ပြီး
ကျေးဇူးတင်လိုက်ပါ့ပယ်။

ခင်ဗျားတို့က
အနာဂတ်လှပအောင်
လုပ်နိုင်တဲ့မော်ကွန်းရှင်ကြီးတွေပါ။

(ကန့်ဘလူတပ်သိမ်းမြေပြသနာရင်ဆိုင်နေရ တဲ့ တောင်သူများအတွက်ရေးဖွဲ့ပါသည်။ ကျွန်တော်ကိုယ်နိုင်တပ်သိမ်းခံမြေပြသနာ ရင်ဆိုင်နေရတဲ့တောင်သူတစ်ဦးပါ။)

ပီတိ(ပေကြီး)
၁၉.၁၂.၂၀၁၄

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks