စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Thursday, November 20, 2014

တက္ကသိုလ်ကျောင်းသူ ချစ်ညီမလေးသို့ (အနိုင်ရမဲ့ အရှုံး)




ညီမလေး
          ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ဟာ နည်းပညာတက္ကသိုလ်ကျောင်းသားစုတစ်ရပ်လုံးရဲ့ သမိုင်းဝင်နေ့  တစ်နည်းအားဖြင့်ပြောရရင် ၀မ်းနည်းကြေကွဲဖွယ်ရာနေ့လို့ ဆိုရမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ နေ့ကထွက်တဲ့ နည်းပညာတက္ကသိုလ်များရဲ့ အောင်ဂေဇက်ဟာ ကျရှုံးခန်းတွေနဲ့ ရေးဖွဲ့ထားလို့ပါပဲ။ တစ်နည်း အားဖြင့်ဆိုရင် မျက်ရည်စမ်းများကို တည်ဆောက်ထားလို့ပေါ့။

          ၂၀၁၄ရဲ့ အောင်ဂေဇက်ဟာ သိသိသာသာ ကျဆင်းသွားတယ်။ အဲဒီကျဆင်းသွားတဲ့ဂေဇက်စာရင်းမှာ ကိုယ့်ညီမလေးပါ ပါလာတော့ ကိုယ်လည်း များစွာ ၀မ်းနည်းမိတယ်ညီမလေး။ စာမေးပွဲကျလို့
စိတ်အား ငယ်နေ တဲ့ ညီမလေးအတွက်အရမ်းလည်းစိုးရိမ်မိသလို အရမ်းလည်းခံစားနေရ ကြေကွဲနေရ ၀မ်းနည်းနေရမယ်ဆိုတာ စာနာပြီး ကိုယ်တိုင်နေမထိထိုင်မသာဖြစ်ခဲ့ရတယ်။

          တစ်ဆက်တည်းမှာပဲ စာမေးပွဲကျတဲ့အတွက် မှော်ဘီ နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်းက ဒုတိယနှစ် (2T) ကျောင်းသား မောင်တင့်လွင်ဆိုသူဟာ နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က သူရဲ့အိမ်မှာ  ဆွဲကြိုး ချသေကြောင်းစီသွားသလို စစ်တွေ နည်းပညာတက္ကသိုလ်က ဒုတိယနှစ် ကျောင်းသား မောင်ညီညီဇံဆိုသူကလည်း စာမေးပွဲကျလို့ နိုဝင်ဘာ ၁၇ ရက်ည ၇ နာရီအချိန်မှာ ဘူးသီး တောင်မြို့နယ်၊ ကျိန်ကျောင်ကျေးရွာရှိ သူ့ရဲ့အိမ်မှာ ဆွဲကြိုးချသေကြောင်းကြံ သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ ညီမလေးအတွက် ကိုအရမ်းစိုးရိမ်သွားတယ်။ ဒါကြောင့် မဖြစ်သင့်တာ မဖြစ်အောင် ညီမလေးဆီဖုန်းဆက်တယ်။ ဖုန်းဆက်မရလို့ Viberဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ``ကို ညီမလေး ဘာလုပ်သင့်သလဲ၊ ညီမလေး လူ့လောကမှာ မနေချင်တော့ဘူး။ မိဘတွေကိုလည်း အားနာတယ်။ အသုံးမကျ တဲ့ ကိုယ့်ကိုယ်ကိုလည်း ရွံတယ်၊ ညီမလေးဘာလုပ်ရမှာလဲ သေချင်တယ်။ ပြောပြပေးပါဦး ဘာလုပ်ရမှာလဲ´´ ဆိုတဲ့ စာကိုဖတ်လိုက်ရတဲ့အချိန်မှာ ကိုယ့်ရင်တွေ ဗြောင်းဆန်သွားခဲ့ရတယ်ညီမလေး။
          စိုးရိမ်လိုက်တာ မဖြစ်သင့်တာတွေဖြစ်ကုန်မှာ မလုပ်သင့်တာတွေလုပ်ကုန်မှာ အရမ်းစိုးရိမ်မိတယ်။ ညီမလေးဆီ ဘယ်လိုမှဆက်သွယ်မရတဲ့အခါ သူငယ်ချင်းတွေဖုန်းကိုဆက်တယ် ဒါပေမယ့်ဘာမှမထူးခဲ့ဘူး။ နောက်တော့ မထင်မှတ်ပဲညီမလေးဆီက စာတစ်စောင်ရောက်လာမှ ကိုယ့်မှာ ရင်ထဲကသောကအလုံးကြီး ကျသွားတယ်။ ၀မ်းသာလိုက်တာ မျက်ရည်တွေတမ်းကျတဲ့အထိပါ ညီမလေး ဘာမှမဖြစ်ဘူးဆိုတာ သိလိုက်ရ လို့ပေါ့။

          ``ညီမလေးက ဘာလို့ အဲလိုလုပ်ရမှာလဲ၊ ညီမလေးမှာ အသိတရားရှိပါတယ်။ စာပေပွဲကျတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးချင်စိတ်ဖြစ်သွားတယ်။ ဓားနဲ့ထိုးရင်တောင်နာမယ်မထင်ဘူး တစ်ကိုယ်လုံး ထုံပြီး ပူထူနေတယ်။ ခုတော့ အေးဆေးဖြစ်သွားပါပြီ ကျရှုံးခြင်းဟာ နောက်ထပ်ကြိုးစားခွင့်ရှိသေး တာပဲ ဘ၀သေသွားတာမှမဟုတ်တာ´´ ဒီစကားလေးကို ညီမလေးပြောတော့ ကိုယ်အရမ်းအားရှိတာပဲ။ ဟုတ် တယ်ညီမလေး စာမေးပွဲကျတာဟာ ဘ၀သေသွားတာမဟုတ်ဘူး။ နောက်ထပ်ကြိုးစားခွင့်တွေအများကြီးရှိသေး တယ်။ အိန္ဒိယက နည်းပညာတက္ကသိုလ်ကျောင်းသားတွေအကြောင်းရိုက်ထားတဲ့ သူငယ်ချင်းသုံးယောက် ဇာတ်ကားလေးကို ညီမလေးကြည့်ဖူးတယ်မဟုတ်လား။ စာမေးပွဲဖြေမယ့်ရက်မှာ တစ်ယောက်ရဲ့အဖေအသည်း အသန်ဖြစ်ပြီး ဆေးရုံတင်ရတော့ စာမေးပွဲသွားဖြေဖို့ မင်းသမီးကပြောတာကို မင်းသားက ``အဖေဆိုတာ ဒီ တစ်ယောက်တည်းရှိတာ စာမေးပွဲက ဘယ်နှစ်ဖြေဖြေအကြိမ်ကြိမ်ဖြေလို့ရတယ်´´လို့ ပြောတဲ့စကားလေး ညီမလေး မှတ်မိတယ်မဟုတ်လား။ ခုလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားတဲ့ ကျောင်းသားတွေရဲ့ အသက်ကို အရမ်းနှမျှောတာပဲ အသက်ဆိုတာ တစ်ချောင်းရှိတာ စာမေးပွဲက အကြိမ်ကြိမ်ဖြေလို့ရသေးတယ် လေ။ 

          ဘ၀တွင်
        မရလျှင် စိတ်မပျက်နဲ့
        ရှေ့ဆက်လေဦး
        ဇနက ဖြစ်ရမည် ပမာဆန်းရယ်လို့
        ကိုယ်မှန်းရာ အောင်မြင်ကွက်ကိုလ
        အားစိုက်လို့ရုန်းတဲ့။
          ဘ၀မှာ ကိုယ်ဖြစ်ချင်တာမဖြစ်လို့ အားပျက်သွားဖို့မလိုဘူးညီမလေး။ ဖြစ်အောင်လုပ်နေဖို့ပဲလိုတာပါ။ မဟာဇနက မင်သားဟာ အဆုံးအစမမြင်တဲ့ ပင်လယ်ပြင်ကြီးကို ငါကူးနေလည်း အပိုပါပဲ ဖြစ်မှမဖြစ်နိုင်တာရယ် လို့ ဇွဲမလျှော့ဘူး။ နစ်ခါမှ နစ်စေတော့ဆိုပြီးပင်လယ်ပြင်ကြီးကိုကူးခဲ့တယ်။ ဒါကိုအားကျစမ်းပါ။ သူတောင် ကမ်း မမြင်တဲ့ ပင်လယ်ကို ကူးသေးတာ ကိုယ်က ကြိုးစားရင်ထပ်ဖြေရင်ဖြစ်တယ်ဆိုတဲ့ လမ်းရှိနေပြီးသားပဲ ဘာလို့ ဘ၀ကိုအရှုံးပေးရမှာလဲ။
          သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံနှင့်
        တူပုံမယွင်း၊ ရွှေရောင်ဝင်းလည်း
        မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်သို့
        လူ၏ထုံးစံ၊ လောကဓံကား
        ငါ့ထံမရောက်၊ မဆိုလောက်နှင့်တဲ့။

          ဘ၀ဆိုတာ နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်ပါပဲ၊ အမြဲတမ်း ရှုံးနိမ့်မှုချည်းပဲ မတွေ့ရသလို၊ အမြဲတမ်း အောင်မြင်မှုချည်းပဲလည်းမရနိုင်ဘူးညီမလေး။ လောကဓံကိုက အကောင်းလေးပါး အဆိုးလေးပါးရှိတာပဲ။ ဒီတော့ ဘ၀မှာ အောင်မြင်စွာဖြတ်ကျော်ချင်တဲ့သူဟာ လောကဓံကို ခံနိုင်ရည်ရှိဖို့လိုတယ်။ အဓိက ကတော့ စိတ်မှာ အာဟာရတွေတိုးတက်ဖွံ့ဖြိုးနေဖို့အရေးကြီးတယ်။ စိတ်ဓာတ်ခွန်းအားတွေပြည့်နေရင် လောကဓံဆို တာတွေဟာ ပျော့ခွေပြီးပြန်သွားလေ့ရှိတယ်ညီလေး။
          ဒီအတွေးတွေ စိတ်ဓာတ်အာဟာရတွေ မရှိကြလို့ ဒီနှစ်အတွက် နည်းပညာအောင်ဂေဇက်မှာ ကျောင်းသားတွေ သေကြရသလို စုပေါင်းသတင်းစာရှင်းလင်းပွဲတွေနဲ့ အုံကြွဆူပွကုန်ကြတာ။ ‘‘ကျွန်တော်တို့အနေနဲ့ စာမေးပွဲချတာလုံးဝမရှိပါဘူး။ အရေ အတွက်နဲ့ ကန့်သတ်ပြီးတော့လုပ် ထားတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး သတ်မှတ်ချက်ထက်တောင်မှ အများကြီးလျှော့ပေါ့ပြီး စဉ်းစားပေးပြီးတော့ ထွက်လာတဲ့အောင် စာရင်းဖြစ်ပါတယ်’’လို့  ဒေါက်တာ ကိုကိုဦးကပြောခဲ့သလို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊  ကောလိပ်များ၏ ၂၀၁၃- ၁၄ ပညာသင်နှစ် မေးခွန်းများကို အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ ၁၆ ရက်ကထွက်ရှိခဲ့တဲ့ အောင်စာရင်းမှာ အောင်ချက်နည်းပါးခဲ့ပြီး ကျောင်းသားများ မနစ်နာစေရန် အတွက် B.E ၀င်ခွင့်စာမေးပွဲများ ကို နှစ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာနကလည်း ပြောခဲ့တယ်တဲ့ညီမလေး။ 

          သူတို့ ပြောခဲ့တဲ့ စကားတွေအရဆိုရင် ဒီနှစ်ဟာ မေးခွန်း အရည်အသွေးမြှင့်မေးထားလို့ အရည်း အသွေးမရှိတဲ့ကျောင်းသားတွေကျသွားခဲ့တယ် ဆိုတဲ့အဓိပ္ပါယ်မျိုးသက်ရောက်နေပေမယ့် ကိုယ့်ညီမလေး လိုစာတကယ်လုပ် တကယ်တော်တဲ့သူတွေ ကျနေခဲ့တာတော့ စဉ်းစားမရဘူး။ `` စာ တွေမသိလို့ မလုပ်တတ်လို့ ညီမလေးကပဲ အမြဲကူပြီး ကိုယ်စားလုပ်ပေးခဲ့ရတဲ့ သူငယ်ချင်းက အောင်ပြီး BE တောင်ပါသွားတယ် ညီမလေးကျ ဘာကြောင့်ကျရတာလဲ´´ ဆိုတဲ့ အချက်ကိုကြည့်ရင် တော့ စာစစ်သူတွေရဲ့အရည်အသွေးနိမ့်ကျမှု စာစစ်သူတွေရဲ့ မသေသပ်မစိစစ်မှုလို့ ပြန်ယူရမှာပဲ ညီမလေး။ စာမေးပွဲလောကမှာ စာမေးပွဲခန်းထဲအိပ်နေပြီး လက်မှတ်ပဲထိုးသွားတဲ့သူက အောင်သွားခါ အစွမ်းကုန်ကြိုးစားဖြေသလို မေးခွန်းလွှာတွေအကုန်ဖြေနိုင်တဲ့သူက ကျတယ်ဆိုတာမျိုးတွေက သမရိုး ကျတစ်ခုလိုဖြစ်နေပါပြီ။ ဒါကိုတော့ ကံစီမံရာလို့ ဆိုရမှာပေါ့။
          ဘာပဲဖြစ်ဖြစ်မှာညီမလေး စက်မှုနဲ့ သက်မွေးပညာဦးစီးဌာနက ပြောခဲ့တဲ့ ကျောင်းသားများ မနစ်နာစေရန်အတွက် BE ၀င်ခွင့်စာမေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးသွားမည် ဆိုတာကတော့ သဘောကျစရာပဲပေါ့ ။ BE မပါပဲ အောင်သွားသူတွေအတွက် ခြေလှမ်းသစ်တစ်ခုထပ်ရလိုက်တာ နည်းပညာကျောင်းသားထု တစ်ရပ်လုံးအတွက် ၀မ်းသာစရာပါ။

          ``ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့လမ်းစဖြစ်တယ်။ အရှုံးဟာ အနိုင်ရဖို့ အားဆေးဖြစ်တယ်´´ ဆိုတဲ့ စကားတွေရှိတယ်ညီမလေး။ ဒီနှစ် ညီမလေး စာမေးပွဲကျတာ နောက်နှစ်စာမေးပွဲအောင်ဖို့ လမ်း စပဲ ဘာလို့လဲဆိုတော့ ဒီနှစ်လို နာကျည်းမှုမျိုး ကြေကွဲဝမ်းနည်းမှုမျိုး ခံစားမှုမျိုးကို နောက်တစ်ခါမရ ချင်လို့ပဲ မရချင်တော့ အရင်ထက်ပို့ကြိုးစားဖြစ်တာပေါ့။ ဒါကြောင့် အရှုံးဟာ အနိုင်ရဖို့ အားဆေး ဖြစ် သွားတာပါ။ အကောင်းဘက်ကကြည့်မယ်ဆိုရင် စာမေးပွဲ နှစ်ခါ ပြန်ဖြေရခြင်းဟာ တစ်ခါတည်း အောင်သွားသူတွေထက် စာပိုကြည့်ဖြစ်တယ်။ စာပိုတတ်တယ်။ စာပိုကြေတယ်။ စာပိုမှတ်မိတယ်တဲ့ ညီမလေး။ ဘွဲ့ဆိုတာ နောင်တစ်ချိန်ကျရင် ကိုယ်လည်းရမှာပဲ အရင်ရခဲ့တာနဲ့ နောက်မှရတာပဲကွာ သွားမယ်။ အရည်အချင်း အရည်အသွေးကတော့ ကိုယ်ကသူ့ထက်သာသွားမယ်ဆိုတာသေချာတယ်။ ကျောင်းအရင်ပြီး သွားသူက ဒီအတန်းက စာကို ပြန်မကြည့်ဖြစ်တော့ဘူး။ ကျနေခဲ့သူက ဒီစာတွေကို နှစ်ခေါက် ပြန်ကြည့်ခွင့်သိခွင့်ရတယ်။ ကွာတယ်မကွာဘူးဆိုတာ မယုံရင် ညီမလေးစာတစ်အုပ်ကို နှစ်ခါပြန်ဖတ်ကြည့်ပါ အရင်တစ်ခေါက်ဖတ်တာနဲ့ နောက်တစ်ခေါက်ဖတ်တာ ဘယ်ဟာကပိုအရ သာရှိမလဲ၊ ဘယ်အရာက ပိုနားလည်မလဲလို့။

          ဒီတော့ စာမေးပွဲကျတာ ဘ၀သေသွားတာမဟုတ်ဘူးညီမလေး။ အရည်အချင်းပိုရှိတာ ဒါ ကြောင့် စိတ်အာဟာရတွေဖြည့်စမ်းပါ။ ခလုတ်ဆူးမရှိတဲ့လမ်းကို သွားသူက သတိအားနည်းတတ် တယ်။ ခလုတ်ဆူးရှိတဲ့ လမ်းကို လျှောက်တဲ့သူဟာ သတိအားကောင်းတယ်တဲ့။ သတိအားကောင်းရင် ဘ၀လမ်းမှာ အမှားနည်းမယ် အမှားနည်းရင် အောင်မြင်မှာပဲညီမလေး။ ဒီတော့ အောင်မြင်ဖို့တွေ့နေရ တဲ့ ခလုတ်ဆူးတွေကို လှေကားအဖြစ် အသုံးချလိုက်စမ်းပါ။ ညီမလေးကို  ကိုယ်ခဏတိုင်းပြောဖူးပါ တယ် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမကြီးမှာ ကားအက်စီးဒင့်ခဏတိုင်းဖြစ်တာ တစ်ဖြောင့်တည်း သောလမ်းဖြစ်နေလို့ လို့ အကွေ့အကောက်များတဲ့လမ်းများကျတော့ သတိထားပြီးဖြေးဖြေးမောင်း လို့ဒီလောက်ထိ ခဏတိုင်းဆိုးဝါးအောင်မဖြစ်နိုင်ဘူးလေ၊ တဖြောင့်တည်းဆိုတော့ ဒိုးရောပဲ။ ဒိုးတော့ မကောင်းတဲ့လမ်းကို ဂိုးရတာပေါ့။
          ကဲညီမလေး စာမေးပွဲကျတာ ဘယ်လောက်ဂုဏ်ရှိလိုက်သလဲ။ သတိကြီးတယ်၊ အရည်အချင်း ပြည့်တယ်။ တစ်ခါတည်းတမ်းအောင်သွားတဲ့သူတိုင်းက အရည်အချင်းမရှိဘူးလို့ ဆိုလိုလိုက်တာ တော့မဟုတ်ဘူးနော်။ ဒါပေမယ့် သူတို့ထက်စာပိုကျေတာတော့သေချာတယ်။ ညီမလေး ထပ်ကြိုးစား လိုက်စမ်းပါ။

          ကဲညီမလေးအတွက် ကဗျာလက်ဆောင် ရေးပေးလိုက်တယ်နော်ခေါင်းစဉ်က `တိုက်ပွဲ´´တဲ့

          ကြိုးစားလို့ တိုက်ပွဲထန်
        မနိုင်ပြန် စိတ်မပျက်နဲ့
        ရှေ့ဆက်လေဦး။
       
အရှုံးကံ စိန်ခေါ်မှုကိုလ
        နှလုံးမာန် ချိန်သော်ခုတွင်က
        ရှိန်ဆော်မှု နိုးကြားကာ
        ကြိုးစားလိုက်ဦး။
                                         ညီမလေးကို သိပ်ချစ်မြတ်နိုးတဲ့
                                                                     ကို
                                                                       ပီတိ(ပေကြီး)20.11.2014
         

         


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks