စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Sunday, July 19, 2015

ညီမလေးအိမ်ထောင်ပြုသင့်တဲ့အရွယ်




ညီမလေးရေ…
          လူတွေရဲ့ဘ၀မှာ အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီးတော့ အိမ်ထောင်ဘယ်အချိန်မှာပြုသင့်သလဲဆိုတာကို ညီမလေးအတွက်ပြောပြပေးချင်တယ်။
          အများအားဖြင့် ခုခေတ် မိန်းကလေးတော်တော်များများက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြု လာကြတယ်များတယ်ညီမလေး။ ဒီလိုအသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုတာဟာ ဘ၀ရဲ့
လွတ်လပ်ခွင့်တွေ ရပိုင် ခွင့်တွေ အများကြီးဆုံးရှုံးရသလို တွေးခေါ်မှုပညာနည်းပါးခြင်း လူ့ဘ၀ရဲ့အနိမ်အနက်ကို နားမလည်ခြင်းများ ဒုက္ခရောက်အမှားတွေ့ပြီး ဆင်းဆင်းရဲရဲဖြစ်တတ်တယ်ညီမလေး။
          ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း ကိုဖတ်ဖူးတဲ့ ဆရာ စေတနာလှိုင်(ရေစကြို)ရေးတဲ့ အိမ် ထောင်ရေးနှင့် အချစ်အတွေးအမြင်စာအုပ်ထဲမှာဖတ်ရတဲ့အတိုင်း ပြောပြပေးရမယ်ဆိုရင် မိန်းကလေးတွေ အရွယ်မရောက်မီ လက်မထပ်သင့်ကြောင်း။ အရွယ်မရောက်မီ လက်ထပ်ခြင်းသည် မိခင်အတွက်ရော၊ မွေးဖွား လာမည့် ကလေးအတွက်ပါ အန္တရာယ်ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၏ အစီရင်ခံစာအရ သိရတယ်။
          ယင်းအစီရင်ခံစာအရ ဆင်းရဲသော နိုင်ငံ၌ ကိုယ်ဝန်ဆောင်ရသူ အမျိုးသမီးတစ်ဦးမှာ ချမ်းသာပြီးတိုး တက်နေသောနိုင်ငံတွင် ကိုယ်ဝန်ဆောင်ရသူ အမျိုးသမီးတစ်ဦးထက် အသက်ဆုံးရှုံးရန် အခွင့်အလမ်း ၃၀ရာ ခိုင်နှုန်းခန့်ပိုပြီး၊ မွေးစကလေး သေဆုံးရန်လည်း ၁၄ ရာခိုင်နှုန်းခန့် ပိုသာတယ်လို့ဆိုတယ်ညီမလေး။
          နောက်ပြီး အမျိုးသမီးတစ်ဦးဟာ အသက်ငယ်ပြီး ကိုယ်ဝန်ဆောင်ရလေ အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း ပိုများလေဖြစ်တဲ့အကြောင်း၊ အသက်(၁၈)နှစ်အောက် ကိုယ်ဝန်ဆောင် မိခင်ဟာ အသက် (၂၀)အထက် ကိုယ် ၀န်ဆောင်မိခင်ထက် အသက်ဆုံးရှုံးရန် ၅ ဆပိုကြောင်းလည်းပြောပြထားတယ်။
          မွေးဖွားလာတဲ့ကလေးမှာလည်း အသက်(၁၈)နှစ်အောက် မိခင်မှမွေးတဲ့ကလေးဟာ အသက် (၁၉)နှစ် အထက်မိခင်မှမွေးသော ကလေးထက် တစ်နှစ်အတွင်းသေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုဖြစ်နိုင်ပါသတဲ့။
          အဲဒီလေ့လာချက်အရ အာဖရိကတိုက်မှာ မိခင်သေဆုံးမှု တစ်နှစ်အတွင်း ငါးသိန်းကျော်ရှိခဲ့ရာမှာ ခုနှစ် သောင်းကျော်ဟာ (၁၅)နှစ်မှ (၁၉)နှစ်အရွယ် မိခင်များဖြစ်ကြောင်းတွေ့ရှိရတယ်ဆိုပဲညီမလေး။
          ဒါဟာ ကျန်းမာရေးလေ့လာချက်အနေနဲ့ပြောပြတာပါ။ အခြားဘ၀ရဲ့ လေးနက်တဲ့အတွေးအခေါ် အယူ အဆပိုင်းနဲ့ပြောရမယ်ဆိုရင် ကိုယ့်အနေနဲ့တော့ ညီမလေးတို့လို မိန်းကလေးတွေဟာ အသက် ၂၃ နှစ်နဲ့ အထက်ကျော်မှသာ အိမ်ထောင်ပြုသင့်တယ်လို့ ကိုယ်ကအကြံပြုချင်တယ်။
          ဘာလို့လဲဆိုတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ကြတဲ့ မိန်းကလေးအများစုဟာ နှလုံးသားတစ်ခုတည်းကိုသာ အချစ်ကို ဆုံးဖြတ်ခဲ့ပြီး တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရဆိုတဲ့ နမူးနထူး အချစ် စွမ်းအားတွေနဲ့သာ အိမ်ထောင်ပြုလိုက်ကြတာဖြစ်တယ်ညီမလေး။ အိမ်ထောင်ရေးမှာ နှလုံးသားတစ်ခုတည်း အချစ်ကို ဆုံးဖြတ်ပြီးပြုလို့မရဘူး၊ နှလုံးသားကိုဦးနှောက်နဲ့ ရောပြီးမှ အချစ်ကို မွေးဖွားအိမ်ထောင်ပြုသင့်တယ်။ နှလုံးသားမပါဘဲ ဦးနှောက်တစ်ခုတည်းအသုံးချ ချစ်ရင်လည်း အမှားတွေ့ရလိမ့်မယ်။ ဦးနှောက်မပါပဲ နှလုံးသား တစ်ခုတည်းနဲ့ ချစ်ရင်လည်း အမှားတွေ့ရတတ်တယ်။ ဒီတော့ ညီမလေးရွေးချယ်တဲ့ အိမ်ထောင်ရေးဟာ နှစ်လုံး သားလည်းပါစေ ဦးနှောက်လည်းပါစေ ညီမလေး။
          ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရင် ညီမလေးတို့ဘ၀မှာ ဘာတွေ နစ်နာဆုံးရှုံးမလဲဆိုရင် နစ်နာ မှုတွေက များသားပေါ့။ အိမ်ထောင်ပြုလိုက်တယ်ဆိုရင်ပဲ ဦးစွာပညာရေးကိုထိခိုက်စေနိုင်တယ်။ အိမ်ထောင် ပြုလိုက်တာနဲ့ ပညာရေးထက် စားဝတ်နေရေးကိုဦးစားပေးရပြီလေ။ ဒီတော့ ပညာရေးကို ဆက်လက်မသင် နိုင် တော့ပဲ ဘ၀ရဲ့ ရပိုင်ခွင့်တွေနစ်နာရတယ်။
          အိမ်ထောင်ပြုလိုက်ခြင်းဟာ ကိုယ့်ဘ၀ရဲ့ ကာမကို အခြားတစ်ယောက်ကို အပိုင်ပေးလိုက်တာ ဖြစ်တဲ့ အတွက် ဘ၀ရဲ့လွတ်လပ်မှုတွေများစွာဆုံးရှုံးရတယ်။ အပျိုစင်တစ်ယောက်ရဲ့ လွတ်လပ်မှုအား ဘ၀ဖြတ်သန်းမှု တစ်လျှောက်မှာ တန်ဖိုးရှိရှိလွတ်လပ်ပျော်ရွှင်စရာအကောင်းဆုံးအချိန်ပဲညီမလေး။ အချို့က အပိုတောင်မဖြစ် လိုက်ရပဲ အိမ်ထောင်ပြုလိုက်ရတဲ့အခါ အညွှန့်ထွက်နေတဲ့ ပန်းမာန်တွေ မီးအမြိုက်ခံလိုက်ရသလိုပဲညီမလေး။ အသက်ငယ်ငယ်ရွယ်ရွယ်ပျိုမြစ်လှပနေရမယ့်အစား မနိုင်ဝန်တွေထမ်းထားရပြီး ဘ၀ရဲ့နုပျိုလှပမှုကို ၅၀ ရာခိုင် နှုန်းလောက်ထိရိုက်ချိုးခံလိုက်ရတယ်။ အပျိုစင်အရွယ်ဆိုတာ ဘ၀မှာ ဘာကိုလုပ်လုပ် အောင်မြင်မှုရာခိုင်နှုန်း အားအသာဆုံးအချိန်ပဲညီမလေး။ လွတ်လပ်တယ်၊ ပေါ့ပါးတယ်။ ကိုယ်ပိုင်ဘ၀အသက်မွေးဝမ်းကြောင်းတွေ ရွေးချယ်ပြီး သင်ယူလေ့လာပိုင်ခွင့်ရှိတယ်။
          လွတ်လပ်ပေါ့ပါးတယ်ဆိုတဲ့နေရာမှာ အပျိုစမို့ ဟိုလူနဲ့တွဲဒီလူနဲ့တွဲပြီး ဖောက်ပြားနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အပျိုဘ၀ရဲ့ ရပိုင်ခွင့်တန်ဖိုးတွေကို ပြောနေတာ။ ညီမလေးသတိထားမိမှာပါ။ ကိုယ်တို့မြန်မာ ရုပ်ရှင်လောကမှာ အများစုက အိမ်ထောင်မကျခင်မှာပဲ စူပါမင်းသားမင်းသမီးဖြစ်သည်အထိ အောင်မြင်ကျော် ကြားလူကြိုက်များကပေမယ့် အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ စူပါဟာ ခြူချာသွားကြတာပါပဲ။ အဲဒါ အပျိုဘ၀ ရဲ့ လုပ်ပိုင်ခွင့် ဂုဏ်အင်္ဂါရပ်တွေပဲပေါ့။
          နောက်တစ်ခုထပ်ပြောပြရဦးမယ်ဆိုရင် စောစီးစွာအိမ်ထောင်ပြုလိုက်ခြင်းဟာ လူမှန်အချစ်မှန်ကို ရွေး ချယ်ခွင့်မရလိုက်ပဲ နှလုံးသားအာဟာရဆုံးရှုံးနစ်နာမှုတွေတွေ့ရတတ်တယ်ညီမလေး။
          ဘာကြောင့်လဲဆိုတော့ အစပိုင်းကပြောပြခဲ့သလိုပါပဲ ဦးနှောက်မပါပဲ နှလုံးသားသက်သက် အချစ်ကို တည်ဆောက်ပြီး အိမ်ထောင်ပြုလိုက်လို့ပါပဲ။ မိန်းကလေးတွေဟာ အသက် ၁၃ နှစ်ကျော်လာရင် အချစ်ကို လက်တည့်စမ်းချင်လာကြတယ်။ ဒီချိန်မှာ ဘယ်လို ယောက်ျားမျိုးကဖြစ်စေ လာပြီး ပရိုပို့စ်လုပ်လာတဲ့အခါ လက်ခံလိုက်မိတာများတယ် သူက အချစ်ကို လက်တည့်စမ်းချင်နေတာကို ။
          အဲလို နမူးနထူးအရွယ်ဟာ စဉ်းစားဉာဏ်အလွန်အင်မတန်နည်းသေးတယ်ညီမလေး အဆိုးအကောင်း အကြိုးအကြောင်းကို ဘာမှမဝေခွဲတတ်သေးဘူး။ ဒီတော့ ဆန့်ကျင်ဘက်လိင်အပေါ်မှာ ခုန်လာတတ်တဲ့ရင်ကို တကယ့် အချစ်စစ်ပါပဲရယ်လို့ထင်လာတတ်ပြီး ရူးရူးမူးမူးလုပ်မိတတ်တယ်။ ရင်ခုန်တတ်စအရွယ်မှာ ဖြစ်ပေါ်လာတဲ့စိတ်ကို မထိန်းချုပ်နိုင်ပဲ အိမ်ထောင်ပြုလိုက်တဲ့အခါ ကိုယ်ရင်ခုန်ခဲ့ရသူနဲ့အတူနေပါများလာပြီး တစ်ယောက်အကြောင်းတစ်ယောက် အပြုအမူအပြောအဆို စိတ်ထားတွေ အကြောင်းစုံသိလာတဲ့အခါမှ စိတ် ခြင်းမတိုက်ဆိုင်မှုတွေ စိတ်သဘောထားကွဲလွဲများတွေများစွာတွေ့ရပြီး ဖြစ်ပေါ်လာခဲ့ဖူးတွေ ချစ်ခြင်းတရားတွေ ပျောက်ကွယ်သွားတတ်တယ်။ ဒီတော့ အိမ်ထောင်ရေးဟာ မသာမယာ မတည်မမြဲဖြစ်ရတော့တာပေါ့။ အသက် ငယ်ငယ်နဲ့ အိမ်ထောင်ကျပြီး နှစ်လင်ကွာ သုံးလင်ကွာသည်ထိဖြစ်လာကြတာဟာ ဒီအချက်ကြောင့်ပဲညီမလေး။
          ရှေးက မိန်းကလေးတစ်ယောက်ကို ပရိုပို့စ်လုပ်ထားရင် မိန်းကလေးနဲ့ မိန်းကလေးရှင်ဘက်က အဲဒီ ကောင်လေးကို သုံးနှစ်သုံးမိုးကြောင့်ပြီး စိတ်နေသဘောထား လုပ်ငန်းကိုင်ငန်း တွေကို လေ့လာကြတာ ဒီလို လမ်းမှားတွေမရောက်အောင်မို့လုပ်တာဖြစ်တယ်ညီမလေး။ အဲဒီစောင့်ကြည့်ကာလမှာ မိန်းကလေးနဲ့ ယောက် ကျားလေးဟာ နှစ်ကိုယ်တူ မမြင်ကွယ်ရာမှာ ချိန်းတွေ့တာမျိုးမလုပ်ရဘူး။ အများသူငှာရှေ့မှာပဲ စကားပြောကြ ရတယ်။ သုံးနှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောပါများလာလို့ ရင်းရင်းနှီးနှီးဖြစ်ပြီး စိတ်မဘောထားမတိုက်ဆိုင် တာတွေတွေ့ရင် မကောင်းတဲ့အပြုအမူ အလုပ်အကိုင်တွေကိုတွေ့ရင် မိန်းက လေးဘက်က ခပ်ခွာခွာနေပြီး မျက်နှာချင်းမဆိုင်တော့တာမျိုးလုပ်ခါ လမ်းခွဲပိုင်ခွင့်ရှိတယ်ညီမလေး။
          ခုခေတ်က ခုမြင်ခုချစ် ခုကြိုက်ခုလိုက်ခုယူဆိုတဲ့ခေတ်ဆိုတော့ ဒီလိုရွေးချယ်ပိုင်ခွင့်မရတော့ဘူး။ ဒီတော့ ဘ၀မှာနစ်နာဆုံးရှုံးမှုတွေကြီးမားစွာတွေ့ရတာပေါ့။
          ဒါကြောင့်မို့ အိမ်ထောင်ပြုမယ်ဆိုရင် ဘ၀မှာအတွေ့အကြုံအရ ရင့်ကျက်လာတဲ့အချိန်မျိုးလည်းဖြစ်ရ မယ်။ ပညာရေးမှာလည်းအထိုက်အလျှောက်ပေါက်မြောက်ပြီးချိန်ဖြစ်ရမယ်။ အပျိုစင်ဘ၀ရဲ့လွတ်လပ်မှုကို လည်း အသုံးချအောင်မြင်မှုရပြီးထားချိန်ဖြစ်ရမယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ်မှာ နှလုံးသားနဲ့ ဦးနှောက်တွဲ စပ်လေ့လာပြီး ကောင်းမွန်မှန်ကန်သင့်မြတ်သော ရွေးချယ်ထားနိုင်မှုရှိတဲ့ဉာဏ်ပညာရှိတဲ့ကာလလည်းဖြစ်ရမယ် ကိုယ်တိုင်က ဘ၀ရဲ့ရှေ့ရေးနောက်ရေးကို ကြိုတင်ကြည့်တတ်လာချိန်ဖြစ်သလို ကိုယ့်ချစ်သူကလည်း ဒီလို လေးနက်မှုမျိုးတွေနဲ့ ဦးနှောက်နဲ့နှလုံးသား ပေါင်းစပ်ထားသူဖြစ်ရမယ်။
          အချိန်လို ဖြစ်လာတဲ့အချိန်ဟာ အနည်းဆုံးညီမလေးတို့အသက် ၂၃ နှစ်အထက်ပဲညီမလေး။  ဒါ ကြောင့် ကိုယ့်ညီမလေးအိမ်ထောင်ပြုမယ်ဆိုရင် ၂၃ နှစ်ကျော်မှပြုစေချင်တယ်။ ဒါမှ ဘ၀မှာ မမှားသင့်တာမမှား မဖြစ်သင့်တာမဖြစ် မဆင်းရဲသင့်တာမဆင်းရဲတဲ့ ပျော်ရွှင်တဲ့အိမ်ထောင်မှုတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်။ ဘ၀အသိဟာ အနေကြာလာလေလေ ပိုပြီးရင့်ကျက်လေလေ ပိုရင့်ကျက်လာလေလေ ဆုံးဖြတ်ရွေးချယ်လုပ် ကိုယ်မှုဟာ ပိုမှန်ကန်လာလေလေပဲညီမလေး ၂၃ နှစ်ဆိုတဲ့သက်တမ်းဟာ ဘ၀အတွက် ခိုင်မာတဲ့ အတွေ့ အကြုံကောင်းတွေတော့ရှိနေလိမ့်မယ်လို့ကိုထင်တယ်။
          ကိုတွေ့ခဲ့ဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်ညီမလေး။ သူဟာ ရုပ်ရည်အရမ်းချောမောသလို သဘောထားလည်းပြည့်ဝတယ်။ ဉာဏ်ကလည်းကောင်းလွန်းတာကြောင့်မိဘတွေက သူ့အပေါ်မှာ မျှော်လင့် ချက်ကြီးစွာထားခဲ့ကြတယ်။ သူ့ရဲ့အပျိုဖော်ဝင်စ အလှတရားဟာ မြင်သူငေးလောက်အောင်ပါပဲညီမလေး။ သူ ကိုယ်တိုင်ကလည်း ရင်ခုံတတ်စ အပျံသင်စအရွယ်ပေါ့ ။ အဲဒီအချိန်မှာ နှလုံးသားတစ်ခုတည်းနဲ့အချစ်ကို သူ တည်ဆောက်မိသွားတဲ့အခါ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အိမ်ထောင်ကျပြီး။ ယူလိုက်တဲ့ယောက်ျားလေးက လည်း အတူပေါင်းလာမယ့် တကယ့် ဂျစ်ကန်ကန် ဂျလေဘီတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရတယ်။ ဘ၀ရှေ့ ရေးဘာမှမတွေးသလို ဘာအလုပ်မှလည်းမလုပ်ဘူး။ ဒီတော့ သူဟာ ဆင်းဆင်းရဲရဲ ဈေးရောင်းပြီး ဘ၀ရဲ့ဆုံး ရှုံးမှုဒဏ်ကို ခံရင်း နောင်တများစွာပူပန်နေရတာပေါ့။
          ဒါတင်မက သူ့ရဲ့ မိဘတွေကလည်း သူ့သမီးအိမ်ထောင်ကျသွားပါပြီးဆိုကတည်းက ဘ၀ဟာ အသက် မဲ့သွားသလိုပါပဲတဲ့။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အပြင် သူ့လို အလှအပမျိုးပိုင်ဆိုင်ထားတဲ့မိန်းကလေး တစ်ယောက်ဟာ အချိန်မရွေးယောက်ျားကောင်းရွေးယူနိုင်ပေမယ့် ခုတော့ သူခိုးကို အိမ်ပေါ်တင်မိတဲ့အဖြစ်မျိုး မို့ တစ်ရက်မှ စိတ်ချမ်းသာတယ်မရှိရပါဘူးတဲ့ညီမလေး။
          ကဲဒီတော့ ညီမလေးလည်း ဘယ်အရွယ်မှာ အိမ်ထောင်ပြုမလဲစဉ်းစားပေတော့။

ဦးနှောက်မဲ့သော အချစ်သည် နှလုံးကို နာကျင်စေ၏
နှလုံးသားတစ်ခုသာဦးတည်သောအချစ်သည် ဦးနှောက်ပျက်စီးစေ၏။

                          ညီမလေးကို သိပ်ချစ်မြတ်နိုးတဲ့ ကို
                                                                        ပီတိ(ပေကြီး)၁၆.၉.၂၀၁၄

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks